spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ခဲသတ္တုရောရာ ထုတ်လုပ်တဲ့မြေနေရာ လျှောက်ထားမှု ဒေသခံများကန့်ကွက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ကွင်းအမှတ်(ကွင်းပြင်)၊ ဧရိယာ (၂၄၇) ဧကရှိ မြေပေါ်မှာ ဦးဝင်းမင်းငြိမ်း(ကိုယ်စား) ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်မှ ခဲသတ္တုရောရာထုတ်လုပ်ရာမြေနေရာလျှောက်ထားမှုကို ဒေသခံတွေက ကန့်ကွက်ကြပါတယ်။

CIVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်းမှာ ကုန်းသာကျေးရွာအုပ်စုနဲ့ ကယန်းသာယာအုပ်စုအတွင်း ပွင့်လင်းမြင်သာမှုမရှိပဲ ဓနပြည့်ဝန်းကုမ္ပဏီမှ ခဲသတ္တုတူးဖော်မယ့်ကိစ္စကို ကန့်ကွက်ကြောင်းနဲ့ မြေလွတ်မြေလပ်မြေရိုင်း(လုံးဝ)မရှိ စတဲ့ ပိုစတာစာရွက်တွေကို ကုန်းသာအုပ်စုနဲ့ ကယန်းသာယာအုပ်စုတို့မှ ကျေးရွာသူ/သား များကန့်ကွက်ကြောင်း မေလ ၁ ရက်နေ့မှာ လမ်းမကြီးတစ်လျှောက် လိုက်ကပ်ခဲ့ကြပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက ကုန်းသာအုပ်စုဖက်က တောင်သူတွေမြေအချို့ကို ကုမ္ပဏီကဝယ်ထားတာရှိပေမယ့်လည်း ထပ်မံလျှောက်ထားတဲ့မြေဧက များနေတာကြောင့် ဒေသခံတောင်သူတွေက ကန့်ကွက်ကြောင်းလက်မှတ်ထိုးတင်ပြခဲ့ကြတယ်လို့ ကုန်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒါညေးလယ်က ပြောပါတယ်။

ကုန်းသာကျေးရွာအုပ်စု အတွင်း လျှောက်ထားတဲ့ မြေလွတ်မြေလပ်နှင့်မြေရိုင်းကို ကန့်ကွက်ကြောင်း အသိပေးစာ လိုက်ကပ်နေကြစဉ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

“တင်လိုက်ပြီဆိုတော့ မြေစာရင်းမှာက လုပ်ထုံးလုပ်နည်းအရဆိုရင် အချိန်မှီကန့်ကွက်တယ်ဆိုရင်တော့ သူတို့မှာလည်း ဆက်လက်ပြီးတော့မှ အတည်ပြုလို့တော့မရဘူးပေါ့နော အခြေအနေတစ်ခုစောင့်စားပြီးတော့မှ နောက်မှအဖြေထွက်လာမှ ဘာဆက်လုပ်မလဲဆိုတာ တောင်သူနဲ့ကုမ္ပဏီကြားမှာ ညှိနှိုင်းမှုတစ်ခုက အဓိကဖြစ်နေတာပေါ့နော” လို့ ပြောပါတယ်။

ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်မှ ခဲသတ္တတူးဖော်ဖို့အတွက် အသုံးပြုခွင့်လျှောက်ထားခြင်းကို မေလ ၁ရက်နေ့မတိုင်ခင်အထိ ကန့်ကွက်လိုသူတွေအနေနဲ့ ကန့်ကွက်နိုင်ရန်အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စားရင်းအင်းဦးစီးဌာနက ကြေညာထားပါတယ်။

ဓနပြည့်ဝန်းကုမ္ပဏီလီမိတက်အနေနဲ့ ၎င်းတို့ဝယ်ယူထားတဲ့ မြေဧကတွေမှာ လုပ်ရင်တော့ ပြောစရာမရှိပေမယ့် ထပ်မံတိုးချဲ့ လုပ်ပိုင်ခွင့်တောင်းတာကြောင့် လက်ရှိ မြေကာလပေါက်ဈေးတွက်ချက်ပြီး တောင်သူတွေကို နစ်နာကြေးပေးရမှာဖြစ်ပြီး ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှုရှိသင့်တယ်လို့ ဒေသခံတောင်သူတွေကပြောကြပါတယ်။

“သူလျှောက်တဲ့ထဲက ဧကလည်း အရမ်းကျယ်ပြန့်သွားတယ်။ အမှန်တော့ သူဝယ်တဲ့ထဲကြည့်လိုက်တဲ့အခါမှာ အကြမ်းဖျင်းတော့ ဧက၄၀ ၅၀ ဝန်းကျင်လောက်တော့ရှိတာပေါ့။ ဆိုတော့ အခု သူလျှောက်ထားတာလည်း ဧက၂၄၇ ဆိုတော့ အရမ်းကျယ်ဝန်းကျင်တယ်” လို့ အုပ်ချုပ်ရေးမှူးကဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိ လုပ်ပိုင်ခွင့်တောင်းထားတဲ့မြေနေရာအနီးပတ်ဝန်းကျင်မှာ ဒေသခံတောင်သူတွေအားထားရတဲ့ ရေထွက်ပေါက်ရှိတာကြောင့် ခဲသတ္တုထုတ်လုပ်မယ်ဆိုရင် ရေခမ်းခြောက်သွားမှာကို စိုးရိမ်နေကြပါတယ်။

မေလ ၁ ရက်နေ့မတိုင်ခင် မည်သူမဆို ကန့််ကွက်နိုင်ကြောင်းထုတ်ပြန်ထားပေမယ့် အဲ့ရက်မတိုင်ခင် ၃ ရက်အလိုသာ ကျေးရွာအုပ်ချုပ်ရေးမှူးဆီရောက်တာကြောင့် အစိုးရလုပ်ရပ်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းက ဝေဖန်ထားကြပါတယ်။

“အခုက လပိုင်းမဟုတ်ဘူး ရက်ပိုင်းနဲ့ပဲ အပြတ်ဖြတ်သွားတယ်ဆိုတော့ အဲဒီ COVID-19 ကို အကြောင်းပြပြီးတော့ လူတွေ ရုတ်ရုတ်မဖြစ်အောင်ပဲ သူတို့ခိုးလုပ်တယ်လို့ပဲ ကျတော်တို့တော့ ခံယူထားတယ်” လို့ ကရင်နီပြည် MaTa အဖွဲ့ရဲ့တာဝန်ခံ ခွန်အန်ဂျလိုက ပြောပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်ဖြစ်ပေါ်နေတဲ့အချိန်မှာ အစိုးရတစ်ရပ်အနေနဲ့လူထုတွေကိုအိမ်မှာနေခိုင်းတဲ့ကာလမှာ အခုလိုလုပ်တာက ကပ်ရောဂါကို အကြာင်းပြပြီးတော့ အမြတ်ထုတ်တာဖြစ်တယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

၎င်းက “လူထုတွေက ဒီလိုဖြစ်နေတဲ့အခါမှာအစိုးရက ဒီဟာတွေကိုလုပ်တယ် ဆိုတာကတော့ တအားရုပ်ဆိုးသွားတာပေါ့နော် ဒါကအစိုးရက လူထုတွေကို အိမ်မှာနေခိုင်းပြီးတော့မှ အစိုးရက ဒါခိုးလုပ်ဒါဘဲလို့ကျတော်တစ်ယောက်အနေနဲ့အဲ့လိုမြင်တယ် ဆိုတော့လူထုတွေကိုအိမ်မှာနေခိုင်းပြီးတော့မှ အစိုးရကဒီလိုလုပ်တယ်ဆိုတာကတော့ ဒါကလဲ ဒီကပ်ရောဂါကိုအကြောင်းပြပြီးတော့မှ ဒါသူတို့အမြတ်ထုတ်ချင်တာ ဘဲပေါ့နော်။” လို့ပြောပါတယ်။

လက်ရှိမှာလည်း ဒေသခံတောင်သူတွေနဲ့ ကုမ္ပဏီအကြား ညှိနှိုင်းမှုပြုလုပ်ထားပြီး မကြာခင် တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။

ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်မှ ခဲသတ္တုရောရာထုတ်လုပ်ဖို့အတွက် လျှောက်ထားတဲ့မြေနေရာဟာ မြေလွတ်မြေလပ်မြေရိုင်းနေရာဖြစ်ပြီး ကယန်းသာယာကျေးရွာ၊ ကုန်းသာကျေးရွာအုပ်စုအပြင် အခြားကျေးရွာတွေ လုပ်ကိုင်စားသောက်တဲ့နေရာဖြစ်ပြီး ဧက ၇၀၀ကျော် ရေသုံးစွဲနေရတဲ့ ရေထွက်ပေါက်ရှိတာပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts