spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မိုးရွာသွန်းမှုနည်းပါးတဲ့ ဘောလခဲမြို့နယ်ဘက်က နှမ်းပင်တွေပျက်စီးမှုဖြစ်ပွားလျက်ရှိ

Author

Date

Category

စိုးထိုက်အောင်

ဘောလခဲမြို့နယ်မှာအတွင်းမှာ ဒီနှစ် မိုးရွာသွန်းမှုနည်းပါးတဲ့အတွက်ကြောင့်နှမ်းပင်တွေညိုးပြီးခြောက်သွားကာ အပင်တွေသေကုန်တယ်လို့ နှမ်းစိုက်တောင်သူတွေ ထံကနေ ကြားသိရပါတယ်။

နှမ်း ၂ဧကစိုက်ပျိုးထားပြီးအားလုံးနီးပါး ပျက်ဆီးသွားတဲ့ ဘောလခဲမြို့ ကယားပိုင်းစုစည်းရွာမှ မကြည်ကြည်ဝင်းက “ အဲ့လိုမျိုး ကျဲပြီးခါကျတော့ မိုးကမရွာတော့ ခါကျတော့ အကုန်လုံးပျက်ဆီးကုန်တာပေါ့ နှမ်းကမတတ်နိုင်တော့ဘူးလေ ညိုးပြီးတော့ သေကုန်တယ်။”လို့ပြောပါတယ်။

တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ တောင်သူတွေက နှမ်းကိုသာအဓိက စိုက်ပျိုးကြတာဖြစ်ပြီး အရင်နှစ်တွေမှာ မိုးရေချိန်လက်မ အသင့်အသင့် ရှိတာမို့နှမ်းစိုက်ပျိုးမှုက အောင်မြင်ပေမဲ့လည်း ယခုနှစ်မှာ မိုးရွာသွန်းမှု နည်းပါးတာကြောင့် နှမ်းစိုက်တောင်သူတွေအနေနဲ့စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေးအတွက် အဘက်ဘက်မှ အခက်အခဲများစွာရှိနေကြပါတယ်။

နှမ်းစိုက်ပျိုးဖြစ်ထွန်းရမယ့် ၇ လပိုင်းမှာ မိုးရွာသွန်းမှု ၆ရက်နှင့် မိုးရေချိန်လက်မ ၁.၉၃ လက်မပဲ ရှိတာဖြစ်တဲ့အတွက် နှမ်းစိုက်ပျိုးဖြစ်ထွန်းမှုက အတော်အသင့် နည်းသွားတယ်လို့ဘောလခဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမာအီက ဆိုပါတယ်။

“ အခုလက်ရှိပေါ့နော် ကျနော်တို့ဒီမိုးရေချိန်နဲ့ပတ်သတ်ပြီးတော့ အဓိက နှမ်းစိုက်ပျိုးဖြစ်ထွန်းရမယ့်ကာလပေါ့ ဒီ ၇လပိုင်းပေါ့နော်။ ဒီ ၇လပိုင်းမှာ တကယ်တန်းပြောရင် ကျနော်တို့မိုးရွာချိန်က ၆ရက်ပဲ ရှိတယ်။ မိုးရွာရက် ၆ရက်ရယ်၊ ရွာသွင်းလက်မကတော့ ၁.၉၃ လက်မပဲ ရှိတယ်။ အဲ့ကြောင့်မို့လို့ကျတော်တို့ ဒီနှမ်းစိုက်ပျိုးဖြစ်ထွန်းမှု အတော်အသင့်ကို နည်းသွားတာပေါ့နော်။”လို့ဆိုပါတယ်။

မိုးခေါင်မှုက တစ်မြို့နယ်လုံးအတိုင်းအတာနဲ့တော့မဖြစ်ပေမဲ့ မိုးခေါင်တဲ့ နေရာတွေမှာတော့ ဧကအတော်များများက နှမ်းပင်တွေ ခြောက်တာတွေ၊ ညိုးတာတွေ တွေ့နေရပါတယ်။

နှမ်းစိုက်ပျိုးတဲ့သက်တမ်းတစ်လျှောက်လုံးမှာ မိုးရေချိန်လက်မ ၁၂လက်မလောက်ရှိဖို့လိုပါတယ်။ ၇လပိုင်း တစ်လလုံးအတွင်းမှာ မိုးရေချိန်လက်မ ၁.၉၃ လက်မသာ ရှိတာဖြစ်ပါတယ်။ ဘောလခဲမြို့မှာ

နှမ်းစိုက်ပျိုးခြင်းကို ၆လပိုင်းဝန်းကျင်မှာ စတင်စိုက်ပျိုးကြပြီး ၁၀လပိုင်းလောက်မှာ ရိတ်သိမ်းရတာဖြစ်ပါတယ်။ စတင်စိုက်ပျိုးပြီးအပင်ပေါက်နိုင်တဲ့ အစိုဓာတ်လိုအပ်တဲ့အချိန်မှာ တစ်ချိန်၊ အပင်အားယူတဲ့အချိန် သက်တမ်းအားဖြင့်နှမ်းစိုက်ပျိုးပြီး ရက်ပေါင်း ၂၅-၃၀မှာတစ်ချိန်နှင့် အသီးရင့်မှည့်ခါနီးမှာ တစ်ချိန် စုစုပေါင်း (၃)ချိန်လောက်သာနှမ်းစိုက်ပျိုးအောင်မြင်ဖို့အတွက် မိုးရရှိဖို့လိုအပ်တာဖြစ်ပါတယ်။

ဘောလခဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမာအီက “ ပျက်ဆီးတဲ့ အဆင့်ကျတော့ ကျတော်တို့ဘယ်လိုပဲဖြစ်ဖြစ်သတ်မှတ်လို့မရသေးဘူးပေါ့နော်။ တကယ်လို့မိုးအခြေအနေပြန်ကောင်းလာရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်တော့ရနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ အထွက်နှုန်းတော့ နည်းနည်းတော့ ကျမှာပေါ့၊ နည်းနည်းတော့ထိခိုက်မှာပေါ့ အဲ့အဆင့်လောက်ပဲရှိပါတယ်။” လို့ပြောပါတယ်။

ရွာသစ်မြို့ တောင်ပိုင်းစုစည်းမှာနေထိုင်တဲ့ ဒေါ်မြလေး ၅ဧကစိုက်ပျိုးထားတဲ့နှမ်းတွေ ၂ဧကလောက်သေသွားတဲ့ အတွက် “ ထိခိုက်မှုကတော့ စိတ်ပူရတာပေါ့ ရှေ့ရေးစားဖို့ပေါ့ မလောက်နိုင်တော့ဘူးရော တစ်နှစ်စာ နှမ်းတွေ တအားသေတော့။” လို့ပြောပါတယ်။

အချို့သောနှမ်းစိုက်တောင်သူတွေက မိုးခေါင်တဲ့အတွက်ဖြစ်ထွန်းမှုမရှိတဲ့ နှမ်းခင်းတွေကို ပြန်ဖျက်ပြီး ဒုတိယအကြိမ်နှမ်းပြန်စိုက်တာတွေရှိနေပါတယ်။ ပြန်စိုက်တဲ့ နှမ်းပင်တွေအတွက် ကုန်ကျစရိတ်တွေထပ်မံကုန်ကျပေမဲ့လည်း နောက်ပိုင်းမိုးရွာတဲ့အတွက်နှမ်းခင်းပြန်လည်ကောင်းမွန်လာတာတွေလည်းရှိနေပါတယ်။

အရင်နှစ်က နှမ်းတစ်ပိသာကို ၃၀၀၀ကျော်အထိဈေးရှိနေပြီး ယခုနှစ်မှာတော့နှမ်းတွေအများအပြားစိုက်ကျတဲ့ဘောလခဲမြို့နယ်မှာ မိုးခေါင်တဲ့အတွက်တောင်သူတွေအနေနဲ့နှမ်းအထွက်နှုန်း လျော့မှာဖြစ်တဲ့အတွက်ကြောင့် အရင်နှစ်ကထက် ဈေးပိုကောင်းတာကို လိုချင်တယ်လို့ နှမ်းစိုက်တောင်သူတွေက တောင်းဆိုနေကြပါတယ်။

နှမ်းကို ၁ဧက ၂ပြည်ဝန်းကျင်လောက်စိုက်ပျိုးပြီး နှမ်းပင်အထွက်နှုန်းကောင်းမည်ဆိုလျှင် ပုံး၃၀ ဝန်းကျင်ခန့်အထိထွက်တာဖြစ်ပါတယ်။ တစ်ဧက စိုက်ပျိုးစရိတ်ကတော့ ၂သိန်းခွဲ ဝန်းကျင်မှာ ရှိပြီး ပြန်ရငွေ ၁၂-၁၃ သိန်းခန့်ရှိတယ်လို့နှမ်းစိုက်တောင်သူတွေက ပြောပါတယ်။

နှမ်း ၂ဧကစိုက်ပျိုးပြီး ၁ဧကနီးပါးလောက်က အပင်ခြောက်သွားတဲ့ အခက်အခဲကိုရင်ဆိုင်နေရတဲ့ ရွာသစ်မြို့တောင်ပိုင်းစုစည်းမှာနေတဲ့ ဒေါ်အုန်းပွင့်ကပြောပါတယ်။

“ ဒီနှစ်တော့ ရသလောက်တော့ ဈေးကောင်းရင်တော့ ပိုကောင်းတာပေါ့နော်။ ပြီးခဲ့တဲ့နှစ်တော့ သူတို့ကတော့ ဈေးတော့ကောင်းပါတယ်။ ဒါပေမဲ့ဒီနှစ်ထက် ဈေးကောင်းရင်တော့ပိုကောင်းတာပေ့ါနော်။”

လက်ရှိ ဘောလခဲမြို့နယ်အတွင်း ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၅)ခုမှ ကျေးရွာပေါင်း(၁၅)ရွာမှာ နှမ်းစိုက်ပျိုးတဲ့ ဧက(၁၀၀၇၀) ရှိနေပါတယ်။ ဘောလခဲတစ်မြို့နယ်လုံးအနေနဲ့ ကျေးရွာပေါင်း ၁၅ရွာရှိတဲ့အပေါ်မှာ နှမ်းပင်ပျက်ဆီးမှုနှုန်းအနေနဲ့ အများဆုံး ကယားပိုင်းရပ်ကွက်မှာ ပျက်ဆီးမှုက ၆၀ ရာခိုင်နှုန်းဝန်းကျင်ခန့်ရှိနေပြီး၊ အချို့သော ကျေးရွာတွေမှာ ၅ရာခိုင်နှုန်းဝန်းကျင်တွေလောက်သာရှိနေတယ်လို့ဘောလခဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့စစ်တမ်းကောက်ခံမှု တွေအရသိရပါတယ်။

ဘောလခဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးခေါင်တဲ့အတွက်နှမ်းပင်တွေ ဖြစ်ထွန်းအောင်မြင်မှု နည်းပါးနေတဲ့အပေါ်မှာ မြို့နယ်ရဲ့သက်ဆိုင်ရာကွင်းဆင်းဝန်ထမ်းက အစဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေးပြီးတောင်သူတွေကို နှမ်းစိုက်ပျိုးရေးနှင့်ပတ်သတ်တဲ့ ပညာပေးဟောပြောပွဲတွေ၊ သင်တန်းတွေ ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts