spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

“ကျနော်တို့့ မဲထည့်ပေးတဲ့ ကျနော်တို့ရဲ့အစိုးရတွေ ကျနော်တို့အခုဒုက္ခ၊ အခက်အခဲအများကြီးရောက်နေတယ်။”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်ကနေ လယ်ယာမြေသိမ်းဆည်းခံလိုက်ရပြီး မိသားစု စားဝတ်နေရေးရုန်းကန်ရှာဖွေစားသောက်နေရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှ ကိုပါးရယ်နဲ့ သူတို့မိသားစု အခက်အခဲအကြောင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုပါးရယ် မိသားစုက ကိုပါးရယ်နှင့် ဇနီး၊ သားတစ်ဦး ယောက္ခမနှင့်အတူ လေးယောက် ရှိပါတယ်။ လက်ရှိမှာ ကိုပါးရယ်ကစက်ပြင်၊ စက်မောင်း။ ယောက္ခမဖြစ်သူ ဒေါ်ညားမာက တစ်ခါတစ်လေ တောင်ယာပေါင်းလိုက်တဲ့အလုပ်ကိုနေ့စားလုပ်တယ်။ ဇနီးနဲ့ကလေးကတော့ အိမ်မှာ ကလေးနှင့် အိမ်တွင်း အလုပ်လုပ်နေသူဖြစ်ပါတယ်။

ဒေါဆိုရှေ့ကျေးရွာမှ ကိုပါးရယ်

မေး ။ ။ အရင်တုန်းက တောင်ယာလုပ်ကိုင်တဲ့အခါ စားဝတ်နေရေး ဖူလုံခဲ့ကြလား ဘယ်လိုအခြေအနေ ရှိခဲ့လဲ။ အခုလက်ရှိ တောင်ယာသိမ်းဆည်းခံလိုက်ရပြီးနောက် ဘာတွေကြုံတွေ့ ရင်ဆိုင်နေကြရလဲ။

ဖြေ။ ။ မသိမ်းခင်တုန်းကဆို ကျနော်တို့ရဲ့ ဘိုးဘွားအစဉ်အဆက်အရပေါ့နော် ၄-၅-၁၀ဧကလုပ်စားတာတောင်မှ တစ်နှစ်စာအတွက်ဖူလုံတာပေါ့နော် အခုကျနော်တို့ရှိတဲ့ ၄-၅-၁၀ဧကကိုတောင်မှ အကုန်သိမ်းသွားတယ်ဆိုတော့ကျနော်တို့ လုပ်စားစရာဘာမှမရှိတော့ဘူး။ နောက်ပြီး တစ်ခုက ကျနော်တို့မှာ ပညာမတတ်ဘူး။ လူများလိုဌာနဆိုင်ရာမှာလည်း ကျနော်တို့အလုပ်မလုပ်နိုင်ဘူး။ ဒါကြောင့်မို့လို့ပေါ့နော် ကျနော်တို့အခု နေ့စားပဲလိုက်နေရတယ်။ ဥပမာ ကျနော်ယောက္ခမဆိုလို့ရှိရင် သူနေ့စားလိုက်တယ်။ ဒါပေမဲ့ ခေတ်အရနဲ့ပြန်တွက်မယ်ဆိုရင် ဒီခေတ်မှာ ပေါင်းသတ်ဆေးတွေ တအားသုံးလာခါကျတော့ အခြားလူ၊ အခြားတောင်သူလယ်သမားတွေရဲ့နေ့စားခေါ်မှုအပေါ်မှာတအားလျော့နည်းလာတာပေါ့နော်။ လျော့နည်းလာတယ်။ နောက်တစ်ချက် နောက်ပြီး ဒီနေ့လုပ်မှ ဒီနေ့စားရတယ်ဆိုတော့ အကယ်လို့ ဒီတစ်ပတ် တစ်ပတ်ကို ကျနော်တို့တစ်ရက်ပဲလိုက်လိုက်ရတယ် အခုလောလောဆယ်ဆို ဒါဆိုအခက်အခဲတအားရှိသွားပြီ ကျန်တဲ့ ဆန်စပါး အခု ကျနော်တို့စားတဲ့ဆန်စပါးဆို ပြီးခဲ့တဲ့နှစ် ကျနော်တို့လုပ်ထားတဲ့ဆန်စပါးတွေပဲ ကျနော်တို့စားရတယ်။ လာမဲ့နောက်နှစ်ဆိုလို့ရှိရင် ကျနော်တို့ စားဝတ်နေရေးအတွက်ပေါ့နော် တအားခက်ခဲဖြစ်သွားပြီ။

မေး ။ ။ တခြား နောက်ဆက်တွဲ ဘာတွေ ဆုံးရှုံးနစ်နာသွားကြတာရှိပါသလဲ။

ဖြေ ။ ။ အခက်အခဲက အမျိုးမျိုးပဲ ကျနော်တို့ဒီအစိုးရ(စစ်တပ်)ကနေသိမ်းသွားတဲ့ ကျနော်တို့တောင်ယာတွေမရှိတော့ ခါကျတော့ ကျနော်တို့စားဝတ်နေရေးအပြင် ကျနော်တို့စီးပွားရေး၊ ကျနော်တို့ကျန်းမာရေး၊ ကျနော်တို့ပညာရေး အဖက်ဖက်အစုံစုံ ချွတ်ချုံ ကျနေပါတယ်။ အခုလောလောဆယ်ပေါ့နော။ နောက်ပြီး ကျနော်တို့ရဲ့ထိန်းးသိမ်းလာတဲ့ ကျနော်တို့ရိုးရာဓလေ့လည်း အဲ့ဒီဒေါဆိုရှေ့ရွာဟောင်းမှာပဲ ကျနော်တို့ရိုးရာဓလေ့တွေ အကုန်အဲ့မှာရှိပါတယ်။ သင်္ချိုင်းကုန်း လက်ဝါးကပ်တိုင်တို့၊ ကေ့ထျိုးဘိုးတိုင်တို့၊ ကျနော်တို့ရိုးရာအဲဒိုပေါ်မှီ ခေါ် ဒီးကူပွဲလုပ်မယ်ဆိုရင် ကျနော်တို့ရိုးရာဒီးကူရွက်လဲ ကျနော်တို့ရွာဟောင်းမှာပဲ ကျနော်တို့ ပြန်ခူးရတာပေါ့နော်။ ဆိုတော့ ကျနော်တို့ဒီလိုမျိုးဆုံးရှုံးသွားတဲ့ အတွက်ကြောင့် လာမဲ့ ကျနော်တို့ရဲ့အနာဂတ်ပေါ့နော် ကျနော်တို့ရိုးရာ ကျနော်တို့ ဘယ်လိုမှ ရိုးရာဓလေ့ဆက်ပြီး မလည်ပတ်နိုင်တော့ဘူးပေါ့။

မေး ။ ။ မြေဘယ်လောက် အသိမ်းခံလိုက်ရလဲ။

လယ်ယာမြေအသိမ်းခံရတာ အားလုံးပေါင်း (မိသားစုပိုင်) ၁၅-၂၀ဧကလောက်ရှိတယ်ပေါ့နော်။ ဧက ၂၀လောက်ရှိတယ်။ အဲ့ဒီထဲမှာ ကျနော်ဟာတော့ ၇-၈ဧက နီးနီးတော့ရှိတယ်ပေါ့နော်။ သိမ်းသွားတဲ့ အထဲမှာ အကုန်ပါသွားတယ်။ ကျနော် ဘယ်လိုမှလုပ်လို့မရတော့ဘူး။ လွှတ်ပေးတာ ကျနော်ယောက္ခမဟာ ၅ဧက ပြောတယ်။ ဒါပေမဲ့ တကယ်တိုင်းမယ်ဆိုလို့ရှိရင် ၁ဧကတောင် မပြည့်တော့ဘူး။ သူတို့ထပ်ပြန်ပြီးသိမ်းလိုက်တာပေါ့နော် အဲ့ဒီယောက္ခမဟာ ကျန်တဲ့ ၅ဧက။ မြေပုံစံထဲမှာ မြေဂရန်ထဲမှာ ပုံစံ ၇ရပြီးပြီ။ ဒါပေမဲ့ ဒီအစိုးရ(စစ်တပ်)တွေဆက်ပြီး သိမ်းလိုက်တော့ ဧက ဝက်လောက်ပဲ ကျန်တော့တာပေါ့။

မေး ။ ။ တောင်ယာ ၊ လယ်ယာ လုပ်ဖို့ မြေမရှိတော့ ဘာတွေလုပ်ကိုင်စားသောက်ပြီး နေရတာလဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့ ၁-၂နှစ်ပဲ ကျနော် ယာဉ်မောင်းပေါ့နော်။ လမ်းကြိတ်စက်ပါပဲ ကျနော်လမ်းကြိတ်စက်ယာဉ်မောင်းလုပ်ခဲ့တယ်။ ပွင့်လင်းရာသီရောက်ပြီဆိုလို့ရှိရင် ကျနော် အဲ့မှာ ၃-၄လတော့ ကျနော်လမ်းကြိတ်ပေးခဲ့တယ်။ အဲ့ဒီပွင့်လင်းရာသီမှာပဲ ကျနော်လစာက တစ်လကို နှစ်သိန်း လောက်ပဲ ရတယ်ပေါ့နော်။ အဲ့ဒီရတဲ့လစာ နှစ်သိန်းကို ဒီ မိုးတွင်း ကျနော်ပြန်စိုက်ပျိုးဖို့အတွက် ကျနော် ပြန်ထွန်ထယ်ဖို့အတွက် ကျနော်ပြန်ပြင်ဆင်ရတယ်။ ဆိုတော့ ကျနော်ဆီမှာ နောက်ပြီး ပြီးခဲ့တဲ့နှစ်တွေပဲရတာပါ လစာက ဒီနှစ်တော့စက်ယန္တယားတွေ တအားများလာတော့ လစာမရတော့ဘူးပေါ့နော်။ ကိုယ်လုပ်တဲ့ရက်မှာပဲ ကိုယ်ရတော့တယ်။ တစ်ရက်ကို စက်မောင်းတဲ့အချိန်ဆို တစ်ရက်ကို ခုနှစ်ထောင်နှုန်းပေါ့နော်။ ဒါပေမဲ့ တစ်ခါတလေ ကျနော် စက်လိုက်ပြင်ကူတယ်ပေါ့။ တစ်ခါတလေစက်ပြင်ရင်တော့ နှစ်ထောင်သုံးထောင် တာ့သူများပေးတာပေ့ါ တစ်ရက်ကို နှစ်ထောင်သုံးထောင် အဲ့လိုမျိုးပဲပေးတယ်။

မေး ။ ။ အခုလို နေ့စားအလုပ်နဲ့ မိသားစု စားဖို့သောက်ဖို့ လုံလောက်မှုရှိလား။

ဖြေ ။ ။ နေ့စားနဲ့ကို ဘယ်လိုမှမလုံလောက်နိုင်ဘူး။မလုံလောက်တော့ ကျနော်တို့ချွေတာစားနေရတာပေါ့နော် ချွေတာစားနေရတယ်။ မသေယုံတမယ်ပဲ ကျနော်တို့စားနေရတဲ့ပုံစံဖြစ်နေပြီ။ ကျနော့််မိသားစုကို ကျနော် ကျန်းမာရေး၊ စားဝတ်နေရေးစသဖြင့် အဲ့လိုမျိုးထည့်တွက်ပြီး ဒီစားဝတ်နေရေးပိုင်းပေါ့ ထမင်းတော့အရင်တုန်းက အရင်နှစ်ဟာတော့ ကျနော်တို့စားနေရတယ်။ ဟင်းခါကျတော့ အသား၊ ငါးတွေတော့ ကျနော်တို့ဘယ်လို မှမဝယ်စားနိုင်တော့ဘူးပေါ့နော်။ ရှိတဲ့ အိမ်မှာပဲ တစ်ပိုင်တစ်နိုင် ကိုယ့်ကိုေမွေးထားတဲ့ ကြက်တွေကနေပဲ ကျနော်တို့တစ်လကို တစ်ကြိမ်လောက်ပဲ ကျနော်တို့စားနေရတာပေါ့နော် အဲ့လိုမျိုးဖြစ်ကုန်တာပေါ့။ တစ်ခါတလေ တစ်ပတ်တစ်ခါတောင်မှ ကြက်ဥ တစ်ထောင်ဖိုး အဲ့လိုမျိုးပဲ စားနေရတာပေါ့။

မေး ။ ။ သားသမီးတွေရဲ့ ပညာရေးကိုဘယ်လို စီစဉ်ဆောင်ရွက်ဖို့ စဉ်းစားထားပါသလဲ။

ဖြေ ။ ။ အခုကျောင်းတတ်တော့မယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေနောက်ကျဖွင့်နေရတယ်။ ကျောင်းနောက်ကျဖွင့်တောင်မှ ကျောင်းပြန်တက်မယ်ဆိုလို့ရှိရင် ကျနော်တို့သားသမီးအတွက် ကျနော်ကျောင်းထားဖို့ ကျနော်နည်းနည်းစိုးရိမ်နေရတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျနော်တို့အရင်နှစ်ရတဲ့ဆန်စပါးတွေကို ကျနော်တို့ထုတ်ပြီးရောင်း၊ ထုခွဲရောင်းချမှပဲ ကျနော်တို့သားသမီးကို ကျနော်တို့ကျောင်းထားနိုင်တယ်။

မေး ။ ။ရှေ့လျှောက်ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။

ဖြေ ။ ။ နောက်ပြီး မိဘဘိုးဘွားအစဉ်အဆက်အရ ကျနော်တို့မိဘဘိုးဘွားတွေက ကျနော်တို့ကို အမွေပေးခဲ့တယ် ဒီတောင်ယာ။ ကျနော်တို့မိဘဘိုးဘွားက တာဝန်ကျေခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ အခုက အစိုးရ(စစ်တပ်) ကနေပြီး ကျနော်တို့တောင်ယာတွေကို သိမ်းသွားခါကျတော့ ကျနော်တို့လာမဲ့ ကျနော်တို့အနာဂတ် သားသမီးတွေ ကျနော်ဘယ်လိုမျိုးအမွေပေးရမလဲ။ ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်ကျတော် တာဝန်ကျေတဲ့လူမဟုတ်တော့ဘူးလို့ပဲ ကျနော်ကိုယ် ကျနော်ခံစားလိုက်ရတယ်ပေါ့နော်။

မေး ။ ။ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဘာတွေ ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျနော် ရဲ့ဘဝမှာ။ ဒါတွေအားလုံးကြည့်ခြင်းအားဖြင့်ပေါ့နော် ကျနော်တို့ရဲ့အစိုးရ လိုကိုလိုမယ်လို့ကျနော်မြင်မိတာပေါ့နော်။ တစ်ချိန်တုန်းက ကျနော်တို့တင်မြောက်ခဲ့တဲ့ကျနော်တို့ရဲ့အစိုးရ။ ကျနော်တို ကို အုပ်ချုပ်မယ့် အစိုးရ။ ကျနော်တို့ရဲ့အခွင့်အရေးကို ကာကွယ်ပေးမယ့်အစိုးရ ကျနော်တို့ရွေးချယ်တင်မြောက်ခဲ့တာ။ သို့ပေသည့် ဒါပေမဲ့လည်း ကျနော်တို့အားကိုးတကြီးနဲ့ကျနော်တို့တင်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီအစိုးရက ကျနော်တို့ကို ခုခံကာကွယ်မပေးတဲ့အပြင် ကျနော်တို့မြေကို ဒီလိုမျိုးလိုက်သိမ်းနေတယ်။ ကျနော်တို့အင်မတန်မှ ခံစားနေရတယ်။ အခု ကျနော်တောင်ယာသွားတယ်။ ကျနော်တောင်ယာသွားတာမဟုတ်ဘူး ကျနော်နေ့စားအခလိုက်တယ်၊နေ့စားအဌားလိုက်တယ်။ ကျနော်တောင်ယာထဲမှာ ကျနော်ဖြတ်သွားရတယ်။ ကျနော်တောင်ယာ ကျနော်ပြန်မြင်မိတော့ အင်မတန်မှ စိတ်နာတယ်။ တစ်ခါတလေဒေါသတွေ ထွက်မိတယ်။

မေး ။ ။ လာမည့် ၂၀၂၀ရွေးကောက်ပွဲမှာကော မဲသွားထည့်ဖို့ စိတ်ကူးရှိလား။

ဖြေ ။ ။ ရွေးကောက်ပွဲပေါ့နော် ကျနော် မဲမထည့်ပေးလို့ရှိရင် ကျနော်နိုင်ငံတော်ကို တာဝန်မကျေဘူးလို့ ကျနော်နကိုယ်ကျနော်ခံယူတယ်ပေါ့နော်။ ကျနော်ဒီနိုင်ငံမှာ နေတဲ့အတွက်ကြောင့် ကျနော်မဲထည့်ရမယ်။ သို့ပေသည့် ကျနော်ထည့်ချင်တဲ့ ကျနော်ရဲ့အစိုးရ ကျနော့််တောင်သူလယ်သမားလူထု တစ်ခုထဲပဲ ကြည့်လို့မရဘူး။ ဒီအပြင် ပြည်နယ်ထဲမှာရှိတဲ့ ဥပမာ အခုဆိုလို့ရှိရင်လမ်းမပေါက်သေးတဲ့ကျေးရွာတွေအများကြီးရှိတယ်။ မီးမရသေးတဲ့ ကျေးရွာတွေအများကြီးရှိတယ်။ ဒီအပြင် ကျနော်တို့အခုရွာထဲမှာပေါ့နော် ကျနော်တို့ရွာထဲမှာ အခုမြေယာပြသနာတွေဖြစ်နေတယ်။ အဆိုးဆုံးက ဒီမြေယာပြသနာ ကျနော်တို့ရဲ့ကျနော်တို့ဒီမြေမှ မလုပ်စားရရင် ကျနော်တို့ဆက်ပြီးအသက်ရှင်နိုင်ခွင့်မရှိတော့ဘူး။

မေး။ ။ သက်ဆိုင်ရာ မြေသိမ်းသွားတဲ့ မြန်မာ့တပ်မတော်ကို ဘာတွေေတောင်းဆိုချင်လဲ။

ဖြေ။ ။ အဓိက ကျနော်တို့တောင်ယာပြန်ရဖို့အတွက်ပေ့ါနော်။ အခုရှိနေတဲ့လယ်ယာမြေအပေါ်မှာ အဓိကအားလုံးပြန်မရချင်နေ ၇-၈ ဧကလောက်ပြန်မရချင်နေ၊ ၃-၄ဧကအနည်းဆုံးပြန်ရရင်တော့ ကျနော်ကျေနပ်ပြီပေါ့နော်။ ကျနော်စားဝတ်နေရေး တစ်ဖက်တစ်လမ်းကျနော်အတွက် သက်ရောက်မှု ရှိတယ်ပေါ့နော်။ နောက်ပြီး သက်ရောက်မှုရှိသည်ထက် ဒီအခက်အခဲက ရှိအုံးမှာပြောမယ်ဆိုလို့ရှိရင် ကျနော်တို့က ဒီတောင်ယာနဲ့မှပဲ လုပ်စားကိုင်စားနေရတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့မိဘဘိုးဘွားမြေကိုလည်း ကျနော်တို့မဆုံးရှုံးစေချင်ဘူးပေါ့နော်။ ကျနော်တို့မိဘဘိုးဘွားဘယ်နားမှာ ရွာတည်ခဲ့လည်းဆို လာမယ့် ကျနော်ရဲ့အနာဂတ် ကျနော်သားသမီးမြေးမြစ်တွေ ကျနော်လက်ညှိးထိုးပြစေချင်တယ်။

မေး ။ ။ အစိုးရကို ဘာတွေ ထပ်ဖြည့်စွက် တောင်းဆိုချင်သေးလဲ။ ဘာတွေထပ်ပြောပြချင်ပါသေးလဲ။

ဖြေ ။ ။ ပြောပြချင်တာထက်ကို ကျနော်အစိုးရကို လာမယ့် ၂၀၂၀ အစိုးရကိုလည်း ကျနော်မျှော်တယ်။ အခုလက်ရှိဖြစ်နေတဲ့အစိုးရ အာဏာရနေသေးတဲ့ အစိုးရကိုလည်း ကျနော်တစ်ခါထဲတောင်းဆိုချင်တာ ကျနော်တို့ဒေါဆိုရှေ့ရွာကို ပြန်လာကြည့်ပေးပါ။ ကျနော်တို မဲထည့်ပေးတဲ့ ကျနော်တို့ရဲ့အစိုးရတွေ ကျနော်တို့အခုဒုက္ခ၊ အခက်အခဲအများကြီးရောက်နေတယ်။

spot_img
spot_img

Recent posts