ကန္တာရဝတီတိုင်း(မ်)
ထိုင်း-ကရင်နီနယ်စပ်မှာ ရောက်ရှိနေတဲ့ ဒေါ်အားမူ(အမည်လွဲ) ဟာ အွန်လိုင်းကနေ အင်္ကျီတွေနဲ့ အလှကုန်ပစ္စည်းတွေကို မှာယူပြီး ရောင်းချနေရပါတယ်။ အဲဒီကနေ ရတဲ့ဝင်ငွေတချို့နဲ့ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။
သူဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ စားဝတ်နေရေးအတွက် ဒီလိုအလုပ်ကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
“တခြားအဖွဲ့အစည်းအလုပ်တွေတော့ မလုပ်ဘူး။ ကိုယ်ပိုင်စီးပွားရေးတော့ တနိုင်တပိုင် အစကတည်းက လုပ်ထားတာရှိလို့ ကိုယ်ပိုင်စီးပွားရေးကိုပဲ ဖြည်းဖြည်းချင်းစီ သွားနေတယ်ပေါ့နော်။ အော်လိုင်းရှော့ပဲပေါ့။ အဓိကကတော့ ကိုယ်တတ်နိုင်တဲ့ အချက်အပြုတ်လေးတွေကို ရောင်းရင်းနဲ့ ဒီလိုပဲ ကြုံရာကို လုပ်လိုက်တယ်ပေါ့နော်။” လို့ ဒေါ်အားမူက ပြောပါတယ်။
သူဟာ ယခင်က အစိုးရပညာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး လုပ်သက် ၁၆နှစ်ရှိပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ရင်း ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရပြီး ရှောင်တိမ်းနေရတာဖြစ်ပါတယ်။
ဒေါ်အားမူလိုပဲ CDM ပြုလုပ်တဲ့အတွက် တရားစွဲခံထားရတဲ့ ဌာနဆိုင်ရာအစိုးရဝန်ထမ်း အများအပြားရှိနေပြီး အဲဒီထဲက တချို့ဟာလည်း ဖမ်းဆီးပြီး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရသူတွေလည်းရှိနေပါတယ်။
တခြားနိုင်ငံမှာ တရားဝင်အနေနဲ့ အလုပ်သွားလုပ်နိုင်ဖို့လည်း CDM သမားတွေအတွက် လေဆိပ်အထွက် စစ်ကောင်စီအစစ်အဆေးကို ကျော်လွှာနိုင်ဖို့လည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသေးတယ်။
CDM ပြုလုပ်ရင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP လွှတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းဆရာမ တစ်ဦးကတော့ လက်ရှိအချိန်အထိ အလုပ်အကိုင်မရရှိသေးတဲ့အတွက် မိသားစုအတွက် အပိုဝင်ငွေသုံးစရာမရှိဘူးလို့ ဆိုပါတယ်။
သူဟာ CDM ကူညီထောက်ပံ့သူတွေဆီကနေ သူအခုလို တောင်းဆိုထားပါတယ်။
“ကျမအနေနဲ့ဆိုရင်တော့ ဒီအလုပ်အကိုင်အခွင့်အလမ်းပဲပေါ့နော။ ဒီထောက်ပံ့တာမျိုးတွေခါကျတော့ ခဏလေးပဲ ရသွားမှာပေါ့။ ပေးလိုက်ရင် သုံးကုန်သွားမှာပေါ့နော။ ရေရှည်အခွင့်အလမ်း အဲဒီလိုဟာမျိုးကိုပဲ လိုချင်ပါတယ်။” လို့ သူက ဆိုပါတယ်။
ကရင်နီပြည်တွင်းမှာ ဌာနဆိုင်ရာပေါင်း ၂၀ကျော်က ဝန်ထမ်း ၅၈၀၀ ဝန်းကျင် CDM ပြုလုပ်ထားတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ CDM ကော်မတီကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။
တခြားလက်လှမ်းမမီနိုင်သေးတဲ့ CDM ၁၀၀၀ကျော်ရှိနိုင်ပြီး လက်ရှိမှာ CDM တွေအတွက် တခြားဝင်ငွေရ အလုပ်ရရှိစေဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးနိုင်မှုနဲ့ ဝင်ငွေရလမ်းတွေကို ဆောင်ရွက်ပေး သွားဖို့ ရှိတယ်လို့ကရင်နီအတိုင်ပင်ခံကောင်စီရဲ့, CDM ကော်မတီ တာဝန်ခံတစ်ဦးက ဆိုပါတယ်။
“အဲဒီကိစ္စမျိုးမှာ ဒီမြေပြင်မှာရှိတဲ့ နေရာအသီးသီးမှာရှိတဲ့ CDM ကရင်နီပြည်နယ်က ဖြစ်ဖြစ်ပေါ့နော် ကျနော်တို့ ဒီ Job Creation ကိုလည်း လာရောက်ချိတ်ဆက်လို့ရတယ် ကျနော့်အနေနဲ့ လက်လှမ်းမီသလောက် ချိတ်ဆက်နေတဲ့အပိုင်းလည်းရှိတယ်ပေါ့နော်။ ဒါမျိုးကျနော်တို့ ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်။” လို့ သူက ပြောပါတယ်။
CDM တွေကတော့ လက်ရှိအချိန်အထိ သူတို့ရဲ့ နေ့စဉ်စားဝတ်နေရေးအတွက် တခြားနည်းလမ်းကို အသုံးပြုဖြေရှင်းနေကြရပါတယ်။ ဒေါ်အားမူကတော့ လက်ရှိ သူ့ကိုယ်ပိုင်စီးပွားရေးနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်ဆိုပေမယ့် ဘာအထောက်အထားမှ မရှိပဲ တခြားနိုင်ငံမှာ ခိုလှုံနေရဖို့အတွက်လည်း အန္တာရာယ်ကြီးမားနေပါသေးတယ်။
“ စစ်ဒဏ်ကနေတော့ လုံခြုံတယ်လို့ ပဲ ဒါပေမယ့် တစ်ခြား ဉပဒေအရကြည့်ရင်တော့ မလုံခြုံဘူးပေါ့နော်။ ကိုယ်က ဒီမှာ အထောက်အထားမရှိဘဲနဲ့ လာရောက်ပြီးတော့မှ ခိုလှုံရတဲ့အတွက်ကြောင့်မို့လို့ တခါတလေ တိုးတိုးတိတ်တိတ် နေရတာရှိတယ်။ သွားလာလို့မရဘူပေါ့။ အကျယ်ချုပ်လိုပဲ တစ်ယောက်ထဲလိုပဲ ခံစားရတယ် ။ လုံခြုံတယ် ဆိုတာကတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆိုးကျိုးတွေ မရှိဘူး။ ဒါပေမယ့် လူမှုအသိုင်းအရတော့ နေရတာတော့ သိပ်တော့ လုံခြုံမှုမရှိဘူးပေါ့။”လို့ အားမူက ပြောပါတယ်။
ဒေါ်အားမူလိုပဲ CDM ပြုလုပ်နေတဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ တခြားတစ်နေရာမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိနိုင်ဖို့ ခက်ခဲနေပါသေးတယ်။