DMO-PDF မှ တပ်ရင်း (K) ထပ်မံ တိုးချဲ့ ဖွဲ့စည်း

0
5342
ဓါတ်ပုံ / DMO-PDF

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ အခြေပြုထား ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) ကနေပြီး တပ်ရင်း (K)ကို ဇူလိုင် (၆)ရက်နေ့မှာ ထပ်မံ တိုးချဲ့ ဖွဲ့စည်းထားတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းတဲ့ တပ်ရင်းအတွက် လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာတွေ လိုအပ်နေတယ်လို့ DMO-PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“တပ်ရင်း (K) က ဇူလိုင် ၆ ရက်နေ့မှာ ကျနော်တို့ Localကနေ တရားဝင် ဖွဲ့ပေးလိုက်တယ်ပေါ့။ NUGရဲ့ လမ်းညွှန်မှုအောက် သွားပြီး အစကတည်းက ကျနော်တို့က NUGရဲ့ လမ်းညွှန်မှုအောက် သွားတဲ့ local ဖြစ်တယ်။ စစ်အာဏာရှင်တော်လှန်ဖို့ စိတ်ဓါတ်ပြင်းထန်နေတဲ့လူငယ်တွေ က တပ်ရင်း (K) ဖွဲ့မယ်ဆိုပြီးတော့ ကျနော်တို့က သူတို့ကို တရားဝင် အသိအမှတ် ပြုပေးလိုက်တယ်ပေါ့“ လို့ DMO-PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လူအင်အား ၂၆၀ ဝန်းကျင်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူအင်အား ထပ်မံ ဖြည့်တင်းသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ DMO-PDFမှာ တပ်ရင်း A မှ K အထိ ၁၁ ရင်းရှိပြီး တပ်ရင်း တစ်ရင်းကို အင်အား ၃၀၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

“ ဒီးမော့ဆိုမှာ တော်လှန်ရေးတပ်ဖွဲ့ တော်တော်များများလည်း စုံတာပေါ့နော။ စုံတဲ့ထဲမှာမှ တကယ်လို့ မညီညွှတ်ခဲ့ရင် ဘာမှ လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးပေါ့လေ။ ကျနော်တို့ ခါကျတော့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေမယ်လို့တော့ အမြဲတမ်း မှတ်ထားတာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ အတူတူ လုပ်မှပဲ တစ်သွေးတည်း တစ်သားတည်း ထွက်နိုင်မှပဲ အာဏာရှင်ကို ဆက်ပြီး တွန်းလှန်နိုင်မှာဖြစ်တယ်။ ကျနော်တို့ ခါကျတော့ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ခွဲခြားမှု မရှိပါဘူး။ စစ်ရေးအရနဲ့ ကျနော်တို့ အကုန်လုံး ပူးတွဲပြီးမှ လုပ်ဆောင် သွားမယ်လို့ ကျနော်တို့ အကြိမ်ကြိမ် ပြောပြီးသားပဲ “ လို့ သူက ဆက်ပြောပါတယ်။

အမျိုးသားညီညွှတ်ရေး အစိုးရ NUG လမ်းညွှန်မှုနဲ့ ဒီးမော့ဆိုမြို့နယ် သပိတ်ဦးဆောင်ကော်မတီဝင် (၁၂) ဦး ကနေပြီး ၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

DMO-PDFမှာ လူဦးရေ ၄၅၀၀ ဝန်းကျင် ပါဝင်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ မေလ ၆ရက်နေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။