ကန္တာရဝတီတိုင်း(မ်)
စစ်ရှောင်စခန်းတစ်ခုရဲ့ ယာယီတဲအမိုးအောက်မှာ အားမကောင်းတဲ့ ဆိုလာမီးရောင်မှိန်မှိန်ကို အမှီပြုပြီး စာကျက်နေတဲ့ မပါစကွားလီးနာဆိုတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်တယောက် ရဲ့ ပုံရိပ်ကိုမြင်ယောင်ကြည့်ပါ။
ဒါက လွန်ခဲ့တဲ့ ၉ လလောက်က သူမရဲ့ နေ့စဉ်ဘဝပါ။ ဒါပေမဲ့ အခုတော့ အဲဒီလိုနေ့ရက်တွေက သူမ ပြန်မရနိုင်တော့တဲ့ အတိတ်တစ်ခုဖြစ်သွားပါပြီ။
အဲဒီတုန်းက သူမသာ စာသင်ခန်းထဲမှာ အချိန်ပေးပြီး စာဆက်သင်နေခဲ့ရင် သူမချစ်တဲ့ သူငယ်ချင်းတွေနဲ့ အတူ လက်ရှိမှာ ၁၂တန်းပညာရေး ကိုရောက်နေမှာဖြစ်ပါတယ်။
အခုတော့ သူမက မိသားစုကိုထောက်ပံ့နိုင်ဖို့ စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ်သမားအဖြစ် ရောက်ရှိနေတာ ၈ လတောင် ရှိနေပါပြီ။
ဒါက ပါစကွာလီးနာတစ်ယောက်တည်းကြုံနေရတဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပညာရေးဌာနရဲ့ စာရင်းတွေအရဆိုရင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းစာသင်ခန်းထဲကို မဝင်လာတော့တဲ့ ကျောင်းသားဦးရေ ၆,၆၀၀ကျော် ရှိနေပါတယ်။
ကျောင်းထွက်ရတဲ့ အကြောင်းရင်းကို အတိအကျ စာရင်းတွေမပြုစုထားနိုင်ပေမဲ့ အများစုကမိသားစုအကြပ်အတည်း ဖြစ်တယ်လို့ ကျောင်းဆရာ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပြဖူးပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက် ကရင်နီမှာ ကျောင်းသား ၄၁ ဒဿမ ၈ ရာခိုင်နှုန်းက လုပ်ငန်းခွင်ထဲ ဝင်ရောက်သွားကြပြီးတော့ ပညာရေးမှာ စိတ်ပါဝင်စားမှုမရှိတော့တာ၊ အိမ်တွင်းလုပ်ငန်းတာဝန်၊ မိသားစုဝင်တွေကို ပံ့ပိုးပေးရမှု၊ လုံခြုံရေးနဲ့ သွားလာရေးအခက်အခဲတွေကြောင့်လည်း ကျောင်းပညာရေးကို စွန့်လွှတ်ခဲ့ကြပါတယ်။
တဖက်မှာလည်း ကရင်နီလူငယ် ၇,၀၀၀ ခန့်က အာဏာသိမ်းကာလအတွင်း ပြည်ပကိုထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြတယ်လို့ IEC လူငယ်ဌာနက ပြောထားပါတယ်။
ထွက်ခွာသွားသူအများစုက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေဖြစ်နေပါတယ်။
ရေတိုမှာ ကျောင်းထွက်ပြီး အလုပ်လုပ်တာက မိသားစုစားဝတ်နေရေးအတွက် အသက်ဆက်စရာ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ရေရှည်မှာတော့ ကရင်နီပြည်အတွက် တတ်ကျွမ်းတဲ့ပညာရှင်နဲ့ လူ့အရင်းအမြစ်တွေ ရှားပါးလာစေနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။
ကရင်နီရဲ့ ပညာရေးပြဿနာက ကျောင်းသားတွေ ကျောင်းထွက်သွားတာတစ်ခုတည်းနဲ့ မပြီးဆုံးပါဘူး။
ဆရာ၊ ဆရာမတွေပါ ပညာရေးကဏ္ဍကနေ ထွက်ခွာလာနေကြပါတယ်။
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်က ကျောင်းသား ၅၀၀ ခန့်ရှိတဲ့ အလယ်တန်းကျောင်းတစ်ခုမှာ နှစ်နှစ်အတွင်း ကျောင်းဆရာ ၆ ယောက်က စားဝတ်နေရေးအကြပ်အတည်းကြောင့် ပညာရေးအလုပ်ကနေ နားလိုက်တယ်လို့ ကျောင်းတွင်း ဆရာမတစ်ဦးက ပြောပါတယ်။
“ဆရာတွေက ဝင်လိုက်၊ အဆင်မပြေရင် ပြန်ထွက်လိုက်နဲ့ ကြားက ကလေးတွေပဲ စမ်းသပ်ခံသလို ဖြစ်နေရတယ်” လို့ အဲဒီဆရာမက ပြောပါတယ်။
စာသင်ကြားမှုမှာ အတွေ့အကြုံရင့်လာတာနဲ့ ဆရာတွေကလည်း အလုပ်ကနေ ထွက်ခွာသွားကြတာကြောင့် ဆရာအသစ်တွေကို ပြန်လည်ရှာဖွေရတယ်လို့ဆိုပါတယ်။ ဒါက ကလေးတွေရဲ့ သင်ကြားမှုက ထိရောက်မှုလျော့နည်းလာတယ်လို့လည်း သူမကပြောပါတယ်။
ဆရာလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ IEC ပညာရေးဌာနက အရင်စနစ်ဟောင်းနဲ့ ဆယ်တန်းအောင်ထားတဲ့ ကျောင်းသားတွေအပြင် အာဏာသိမ်းပြီးနောက် တော်လှန်ရေးနယ်မြေမှာ ၁၂ တန်းပညာပြီးစီးထားတဲ့ ကျောင်းသားတွေကို တစ်လတာ ဆရာအတတ်သင်တန်း ဖွင့်လှစ်ပေးနေပါတယ်။
ဒါပေမဲ့ သင်တန်းပြီးဆုံးပြီး စာပြန်သင်တဲ့သူတွေထဲကလည်း စားဝတ်နေရေးအကြပ်အတည်းကြောင့် အလုပ်နားကြသူတွေ ရှိတယ်လို့ အဆိုပါဆရာမက ပြောပါတယ်။
“တစ်ဖက်တွင်လည်း ဆရာအသစ်များ ပြန်လည်ရှာဖွေခြင်းမှာလည်း ကျေးရွာတွေအတွက် ကျောင်းကော်မတီများအတွက် အခက်ခဲစိန်ခေါ်မှုလည်းရှိပါသည်၊ နောက်ပြီး ဆရာ၊မများအသစ်များကိုလည်း သင်တန်းများ ပေးနိုင်ဖို့လည်း အချိန်နှင့် ဘဏ္ဍာရေးအရင်းအမြစ်များ ပိုမိုလိုအပ်လာနိုင်ပြီး education quality ကို ထိန်းသိမ်းရန် စိန်ခေါ်မှုများ ရှိနေပါသည်” လို့ ဆယ်သဲဖောင်ဒင်းရှင်းရဲ့ executive director က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ဆယ်သဲဖောင်ဒေးရှင်းက ပညာရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ ကရင်နီပြည်ထဲက အဖွဲ့စည်းတစ်ခု ဖြစ်ပါတယ်။
ဆယ်သဲဖောင်ဒေးရှင်းရဲ့ စာရင်းအရ ကရင်နီပြည်မှာ အခုနှစ်အတွက် ကျောင်းသားဦးရေ ၅သောင်းကျော်ရှိပြီး ဆရာ၊ဆရာမ ဦးရေကတော့ ၄,၇၆၀ ရှိပါတယ်။
လက်ရှိမှာ ဆရာဆရာမလိုအပ်ချက်က နေရာဒေသအပေါ်မူတည်ပြီး ကွဲပြားသလို အထူးလိုအပ်ချက်ရှိနေတာကတော့ အထက်တန်းပြအဆင့် ဆရာ၊ဆရာမတွေဖြစ်တယ်လို့ လည်း ဆယ်သဲဖောင်ဒေးရှင်း executive director ကပြောပါတယ်။
“အထူးသဖြင့် အထက်တန်းသင်ကြားပေးနိုင်မယ့် ဆရာ၊ဆရာမ ၊ ဒီအရည်အချင်းရှိတဲ့ ဆရာဆရာမတွေ ပိုလိုအပ်နေတယ်ပြောရမလား ဒီအထက်တန်းအဆင့်မှာက။ အထူးသဖြင့် chemistry၊ physics နောက်ပြီးတော့ သိပ္ပံတို့ သင်္ချာ၊ အင်္ဂလိပ်တို့ အဲ့ဒီအပိုင်သင်ပေးနိုင်တဲ့ ဆရာ၊ဆရာမ လိုအပ်နေတယ်။” လို့ ဆယ်သဲဖောင်ဒင်းရှင်းရဲ့ executive director ကပြောပါတယ်။
ဆရာ့လစာနဲ့ ကျောင်းလခကြားက ကျောင်းသားတွေ
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီက ကျောင်းဆရာတွေအတွက် သုံးလတစ်ကြိမ် ဘတ် ၈၀၀ (မြန်မာငွေ ၁၂၀,၀၀၀ ကျပ်ဝန်းကျင်) ကို ထောက်ပံ့ ပေးနေပါတယ်။

ဒါ့အပြင် ကရင်နီပြည် ပညာရေးဘုတ်အဖွဲ့ကလည်း NGO နဲ့ ချိတ်ဆက်ပြီး ဆရာတွေကို တစ်လ ၁ သိန်းခန့် ထောက်ပံ့ကြေးပေးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပညာရေးဘုတ်အဖွဲ့က ထောက်ပံ့ကြေးရတဲ့ ဆရာတွေက IEC ပညာရေးဌာနက ထောက်ပံ့ကြေးကို မရတော့ဘူးလို့ ပြောပါတယ်။
ပျမ်းမျှ တစ်လ ၁ သိန်းခန့်သာ ရရှိနေတဲ့ ပညာရေးဝန်ထမ်းတွေဟာ စားဝတ်နေရေး ဖြေရှင်းဖို့ ကျောင်းသားမိဘတွေဆီကနေ ကလေးတစ်ယောက်ကို ၇,၀၀၀ ကျပ်နှုန်းနဲ့ ကျောင်းလခကောက်နေရတယ်လို့လည်း ဆရာမက ပြောပါတယ်။
ကောက်ခံတဲ့နှုန်းထားကတော့ ဒေသအလိုက်မတူသလို အခြေအနေအရ တိုးမြင့်ကောက်ခံရတာတွေလည်းရှိနေပါတယ်။
စက်တက်ဘာလ ၉ ရက်နေ့မှာဖော်ပြခဲ့တဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ သတင်းအရတော့ ကျောင်းလခတိုးမြင့်ကောက်ခံလာတဲ့အပေါ် ငွေးကြေးအခက်အခဲရှိနေတဲ့ ကျောင်းသားမိဘတချို့က သားသမီးတွေကို ကျောင်းနားထားဖို့ စဉ်းစားလာကြတယ်လို့ ကျောင်းသားမိဘတွေကပြောထားပါတယ်။
စစ်ဘေးရှောင် အများစုရှိနေတဲ့ ဒီးမော့ဆိုမြို့နယ် မှာ အလုပ်အကိုင်တွေရှားပါးသလို ကုန်စျေးနှုန်းကြီးမြင့်မှု နဲ့ ဝမ်းရေးအတွက် ဦးစားပေးကြရတာကြောင့် အခုလို စဉ်းစားလာကြတာပါ။
လက်ရှိ ကရင်နီမှာ ဒေသအလိုက်နဲ့ အမျိုးအစားပေါ်မူတည်ပြီး ဆန်တစ်အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်အထိ၊ ကြက်ဥတစ်လုံးကို ၈၀၀ ကျပ် ပေးဝယ်နေရပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၆ ခုနှစ် ဧပြီမှာ လွန်ခဲ့တဲ့ ၅ နှစ်နဲ့စာရင် ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဝင်ငွေနည်းပြည်သူတွေအပေါ် ထိခိုက်မှု ပိုမိုကြီးမားစေတယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။
ဒါကြောင့် ပညာရေးကွင်းဆက်ထဲမှာ ဆရာတွေကို ထိန်းထားနိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်မလုံလောက်မှုက နောက်ဆုံးမှာ ကျောင်းသားတွေအပေါ် ပြန်လည်သက်ရောက်နေပါတယ်။
မိသားစုစားဝတ်နေရေးနဲ့ ကျောင်းသားတစ်ဦးရဲ့ ရွေးချယ်မှု
ပါစကွာလီးနာတို့ မိသားစုမှာ မွေးချင်းမောင်နှမ ၅ ယောက်ရှိပြီး အာဏာမသိမ်းမီက ကျောင်းနားပြီးသား အကြီးဆုံးအကိုကလွဲလို့ ကျန်တဲ့ မောင်နှမ ၄ ယောက်လုံး IEC ပညာရေးလက်အောက်က ကျောင်းမှာ တက်ရောက်ခဲ့ကြပါတယ်။
စစ်ဘေးရှောင်မိသားစုဖြစ်တာကြောင့် မိဘနှစ်ပါးမှာ ဝင်ငွေရအလုပ်အကိုင်မရှိသလို ဖခင်ဖြစ်သူမှာလည်း ကျန်းမာရေးပြဿနာ ရှိနေပါတယ်။
အစ်မတစ်ဦးက ကျောင်းနားပြီး တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ခဲ့သလို အကိုကြီးလည်း တော်လှန်ရေးတပ်ဖွဲ့ထဲ ရောက်နေပါတယ်။
ပါစကွာလီးနာဟာ လစဉ်ကျောင်းလခ ၁၀,၀၀၀ ကျပ် ပေးရတာကြောင့် မိဘတွေဆီ ကျောင်းလခတောင်းဖို့ အားနာခဲ့ရပါတယ်။
ကျောင်းပိတ်ရက် စနေနေ့တိုင်းမှာ နွားချေးကောက်ပြီး ရောင်းတာ၊ မကောက်ရင် နေ့စားအလုပ်လိုက်တာနဲ့ ကျောင်းလခသွင်းခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ စာသင်နှစ်ပြီးဖို့ ၂ လအလိုမှာ ကျောင်းထွက်လိုက်ပါတယ်။
“ကျောင်းထွက်ပြီးမှ မိဘအတွက် တပိုင်တနိုင် ပိုက်ဆံပိုထောက်ပံ့ပေးချင်လို့ပါ” လို့ ပါစကွာလီးနာက ပြောပါတယ်။
အခုတော့ သူမဟာ စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ်သမားတစ်ဦး ဖြစ်နေပါတယ်။ ကျောင်းပြန်တက်ဖို့ဆိုတာလည်း နိုင်ငံရေးမကောင်းမချင်းတော့ စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သူမရဲ့ ကျန်တဲ့မောင်နှမ ၃ ဦးလည်း အိမ်တွင်းငွေကြေးအကြပ်အတည်းကြောင့် ကျောင်းထွက်ပြီး လုပ်ငန်းခွင်ထဲ ရောက်ကုန်ကြပါပြီ။ အငယ်ဆုံးညီမလေးကတော့ ပါစကွာလီးနာတို့ရဲ့ အထောက်အပံ့နဲ့ ကျောင်းဆက်တက်နေပါတယ်။
စာသင်ခန်းဆီ ပြန်ဝင်လာဖို့ တံခါးတွေ ရှိနေပြီလား
IEC ပညာရေးဌာနအဆိုအရ အခြေခံပညာကနေ အဆင့်မြင့်ပညာပြီးမြောက်တဲ့အထိ ပုံမှန်အားဖြင့် ၂၇ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒါက အထူးပြု ဘာသာရပ်နဲ့ ဘွဲ့ တစ်ခုခုရတဲ့အထိပါ။
ဥပမာ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့တွေဆိုရင်တော့ ဒီ့ထက် ပိုပြီးကြာမြင့်ပါတယ်။
ဒါပေမဲ့ ကရင်နီလို ပဋိပက္ခတွေရှိပြီးနဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့ အခြေအနေမှာ ပုံမှန်ပညာရေး လမ်းကြောင်းအတိုင်း ပြီးဆုံးအောင်သွားနိုင်ဖို့ ခက်ခဲတာကြောင့် အလွယ်တကူပြောင်းလဲနိုင်တဲ့ သင်ယူမှုလမ်းကြောင်းတွေ၊ အမှတ်စရင်းလွှဲပြောင်းမှု၊ ယခင်လေ့လာမှုတွေကို အသိအမှတ်ပြုမှု၊ အရှိန်မြှင့်သင်ယူမှုနဲ့ စဉ်ဆက်မပြတ်လေ့လာသင်ယူရေး စတဲ့ နည်းလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပညာရေးဌာနက ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာမပြီးဆုံးဘဲ ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းသားတွေကို ပညာရေးလမ်းကြောင်းထဲ ပြန်ခေါ်ဖို့ အရှိန်မြှင့်ပညာရေးအစီအစဉ်တစ်ခု လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း IEC ပညာရေးဌာနက ပြောပါတယ်။
တဖက်မှာလည်း ကြားကာလပညာရေးကို ဆက်လက်လုပ်ဆောင်ရင်း ရေရှည်စနစ်တည်ဆောက်ရေး အတွက် ဖက်ဒရယ်ပညာရေးစနစ်ကို တည်ဆောက်နေတယ်လို့ ဆိုပါတယ်။
“ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းသားတိုင်းကို ကျောင်းထဲကိုပဲ ပြန်ဝင်ရမယ်လို့ မသတ်မှတ်ဘဲ သူတို့ရဲ့ လက်ရှိအခြေအနေ၊ အသက်၊ သင်ယူခဲ့ပြီးသားအဆင့်နဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ပညာရေးလမ်းကြောင်းအမျိုးမျိုး ဖန်တီးပေးနေပါတယ်။” လို့ IEC ပညာရေးဌာနမှူးကြီး မော်မိမာက ပြောပါတယ်။
လက်ရှိ IEC ပညာရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ကရင်နီတော်လှန်ရေးထိန်းချုပ်နယ်မြေမှာ အဆင့်မြင့်ပညာ ၈ ကျောင်း၊ ကျောင်းသား ၁,၀၉၅ ဦးနဲ့ အခြေခံပညာ ၄၄၆ ကျောင်း၊ ကျောင်းသား ၅၀,၉၂၆ ဦး ရှိပါတယ်။

ပညာရေးကွင်းဆက် ဘယ်မှာပြတ်နေတာလဲ
ကရင်နီမှာ ကျောင်းသားတွေ ကျောင်းထွက်နေပါတယ်။ တစ်ဖက်မှာလည်း ဆရာတွေ စားဝတ်နေရေးအကြပ်အတည်းကြောင့် အလုပ်ထွက်နေပါတယ်။
ကျောင်းတွေဟာ စစ်ရေးအခြေအနေကြောင့် ပိတ်ရပြီး တောထဲမှာ စာသင်ရတဲ့အခြေအနေတွေ ရှိနေပါတယ်။ စာမေးပွဲတွေကလည်း ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် နောက်ကျနေပါတယ်။ တစ်ချို့ကျောင်းသားတွေက အလုပ်ခွင်ထဲ ဝင်သွားကြပြီး တချို့က ပြည်ပထွက်ခွာသွားကြပါတယ်။
တစ်ဖက်မှာတော့ ဆရာလိုအပ်ချက်ကို ဖြည့်တင်းဖို့ အတွေ့အကြုံနည်းသေးတဲ့ လူငယ်တွေကို ဆရာအတတ်သင်ပေးပြီး စာသင်ခန်းထဲ ပြန်လည်ထည့်သွင်းနေရပါတယ်။
ဒါပေမဲ့ သင်ကြားမှုအတွေ့အကြုံ ရလာချိန်မှာ စားဝတ်နေရေးအခက်အခဲကြောင့် ထပ်မံထွက်ခွာသွားသူတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေတွေဟာ တစ်ခုနဲ့တစ်ခု သီးခြားဖြစ်နေတဲ့ ပြဿနာတွေမဟုတ်ဘဲ ကျောင်းသား၊ ဆရာ၊ မိသားစု၊ စာမေးပွဲနဲ့ အဆင့်မြင့်ပညာရေးကို ဆက်သွယ်ပေးထားတဲ့ ပညာရေးကွင်းဆက်တစ်ခုလုံး အပေါ် သက်ရောက်နေတဲ့ ပြဿနာတွေ ဖြစ်လာနေပါတယ်။
IEC ကတော့ ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းသားတိုင်းကို လမ်းကြောင်းတစ်ခုတည်းနဲ့ ပြန်ခေါ်မယ့်အစား သူတို့ရဲ့ အခြေအနေအလိုက် ပညာရေးလမ်းကြောင်းအမျိုးမျိုး ဖန်တီးပေးဖို့လိုတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ မေးခွန်းကတော့
ကျောင်းထွက်သွားတဲ့ ပါစကွာလီးနာလို လူငယ်တွေ ပညာရေးလမ်းကြောင်းပေါ် ကို ပြန်လည်ဝင်ရောက်နိုင်ပါ့မလား။
ပြီးတော့ ကျောင်းသားတွေထွက်၊ ဆရာတွေထွက်နေတဲ့အချိန်မှာ ကရင်နီရဲ့ ပညာရေးကွင်းဆက်ကို ဘယ်နေရာကနေ ပြန်ချိတ်ဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။







