spot_img
Homeဆောင်းပါး" ဝေဟင်ထက်က ဒရုန်းရန်ကို ကြောက်နေရတဲ့ ပဲတောင်သူ"

” ဝေဟင်ထက်က ဒရုန်းရန်ကို ကြောက်နေရတဲ့ ပဲတောင်သူ”

-

ကန္တာရဝတီတိုင်း(မ်)

သစ်ပင်တွေအပြည့်နဲ့ ဖုံးလွှမ်းနေတဲ့ တောင်တန်းကြီးတွေရှိပြီး ဆင်ဖြူတောင်လို လှပတဲ့ရှုခင်းတွေကို ခံစားရင်း ဆောင်းရာသီရဲ့ လေအငွေ့အသက်ကို ရှူရှိုက်လို့ရတဲ့ ဒေသကို ဖရူဆို လို့ အများက သိရှိထားကြပါတယ်။ ဖရူဆိုဒေသမှာ ဒေသခံတွေအပြင် ဒီးမော့ဆိုကနေ လာရောက်စစ်ဘေး တိမ်းရှောင်နေသူတွေလည်း နေထိုင်ကြပါတယ်။

ဖရူဆိုမြို့နယ်ရဲ့ ကားလမ်းမကြီးကို စစ်အစိုးရတပ်က ထိန်းချုပ်ထားတာကြောင့် ဖရူဆိုမြို့နယ် (အရှေ့ဘက်ခြမ်း ) နဲ့ (အနောက်ဘက်ခြမ်း) ဆိုပြီး နှစ်ပိုင်းကွဲသွားပါတယ်။

မြေပဲတွေ ရိတ်သိမ်းဖို့ ယာခင်းထဲဆင်းရမယ့်အချိန်မှာ စစ်ဘေးရှောင်တောင်သူတွေအတွက်တော့ မြေပဲခင်းထဲက သီးနှံကို ဘယ်လောက်ရိတ်သိမ်းနိုင်မလဲဆိုတာတင်မကပဲ ဝေဟင်ကနေ ဒရုန်းဗုံး ဘယ်အချိန်ရောက်လာမလဲ ဆိုတာကိုပါ စိုးရိမ်နေရပါတယ်။

အခုနောက်ပိုင်း ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း( ကေးလျားမြို့နယ် ) က ယာခင်းတွေကို သွားရောက် လုပ်ကိုင်နေတဲ့ စစ်ဘေးရှောင်တွေကို စစ်အစိုးရတပ်က မကြာခဏ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း မြေပဲခင်းထဲမှာ ရှိနေတဲ့ အမျိုးသားတဦးကို စစ်အစိုးရတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း အသုဘရှိတဲ့ ကျေးရွာတရွာကို ဒရုန်းဗုံးနဲ့ လာရောက်ပစ်ချခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိကာလဟာ စစ်ဘေးရှောင်တွေရဲ့ ယာခင်းထဲက မြေပဲတွေကို ပြန်လည်သိမ်းဆည်းရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ တချို့တောင်သူတွေမှာလည်း မြေပဲကို ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးကြပါတယ်။

မြေပဲစိုက်ပျိုးတာဟာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးအတွက် တဖက်တလမ်းက အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ယာခင်းထဲဆင်းပြီး အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရင်း စစ်ဘေးရှောင်တောင်သူတွေဟာ မြေပြင်က အန္တရာယ်တွေအပြင် ဝေဟင်က ဒရုန်းရန်ကိုပါ စိုးရိမ်နေရပါတယ်။

စစ်အစိုးရတပ်ရဲ့ ရှေ့ကာကင်းတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လနဲ့ စက်တင်ဘာလ နှစ်လ အတွင်း စစ်ဘေးရှောင် စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း(ကေးလျားမြို့နယ်)မှာတော့ စစ်ဘေးရှောင်စခန်း အိမ်ခြေ ၈၀၀ ကျော် ရှိပြီး လူဦးရေ ၄,၀၀၀ ကျော် နေထိုင်နေပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ အရပ်သား ၄၀ ကျော် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အခုတခါမှာတော့ စစ်အစိုးရတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် ယာခင်းထဲသွားရောက်လုပ်ကိုင်ရတဲ့ စစ်ဘေးရှောင်တွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

“Drone ကြီးကတော့ အကွာအဝေး ၄ ကီလိုမီတာခန့်အထိ သွားနိုင်ပြီး ၁၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဗုံးသီး ၂ လုံးကို သယ်ဆောင်နိုင်တာကြောင့် ထိရောက်မှုကောင်းတယ်။ အမျိုးအစားကိုတော့ တိတိကျကျ မသိရသေးပေမယ့် Quadcopter Drone (လက်၄ချောင်းပုံစံ) ကြီးမျိုး ဖြစ်တယ်။” လို့ ရှေ့တန်းသတင်းရင်းမြစ်တဦးက ဆိုပါတယ်။

စစ်ဆင်ရေးတွေမှာ ဒရုန်းအသုံးပြုမှုကို စစ်အစိုးရတပ်က စစ်မျက်နှာအများအပြားမှာ ဒရုန်းတွေကို အားပြုအသုံးပြုလာပါတယ်။ ယခင်နှစ်တွေကတော့ ကရင်နီပြည်မှာ သာမန်ကင်းထောက်ဒရုန်းတွေသာ တွေ့ရတာများပေမယ့် ဒီနှစ်မှာတော့ ဒရုန်းဗုံးတွေနဲ့ ပဲတောင်သူတွေအပါအဝင် အရပ်သားတွေကို မကြာခဏ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

စစ်အစိုးရတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များအသုံးပြုနေတဲ့ ဒရုန်းတွေမှာ နည်းပညာ၊ ရင်းမြစ်နဲ့ အသုံးချပုံတို့အရ ကွာခြားချက်တွေ ရှိနေပါတယ်။ စစ်အစိုးရတပ်ဟာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ထံက တရားဝင်ဝယ်ယူထားတဲ့ စစ်ဘက်သုံး အဆင့်မြင့်ဒရုန်းတွေ၊ နည်းပညာမြင့် ကင်းထောက်ဒရုန်းတွေနဲ့ ဒရုန်းကာကွယ်ရေးစနစ်တွေကို အသုံးပြုနေပါတယ်။ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တွေအပါအဝင် သမားရိုးကျလေတပ်နဲ့ ဒရုန်းတွေကို ပေါင်းစပ်အသုံးပြုပြီး ဝေဟင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိပါတယ်။

စစ်အစိုးရတပ်ဟာ ဒရုန်းစစ်ဆင်ရေးဗျူဟာကိုလည်း ပြောင်းလဲလာပြီး အရင်ကလို အထိုင်တပ်ရင်းတွေနဲ့ ဗျူဟာကုန်းတွေမှာသာမက ခြေလျင်စစ်ကြောင်းတွေ၊ ရှေ့တန်းလှုပ်ရှား တပ်ဖွဲ့တွေ၊ တပ်ခွဲတွေနဲ့ ကာကင်းစခန်းငယ်တွေအထိ ဒရုန်းအဖွဲ့ငယ်တွေကို တွဲဖက်တာဝန် ပေးထားပါတယ်။

ဒါကြောင့် စစ်ကြောင်းချီတက်ရာမှာ လမ်းကြောင်းကင်းထောက်တာတင်မကပဲ တိုက်ပွဲဖြစ်ပွားချိန်မှာ ချက်ချင်းဗုံးသီးချတိုက်ခိုက်နိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။ ဒရုန်းဗျူဟာအပြောင်းအလဲကြောင့် တော်လှန်ရေးဘက်က စစ်ကြောင်းတွေ၊ ကာကင်းတွေတင်မကပဲ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေပါ ဒရုန်းဒဏ်ကို ပိုမိုခံစားလာရတာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေဟာ စစ်အစိုးရတပ်ရဲ့ ရှေ့ကာကင်းတပ်ဖွဲ့တွေက ပြုလုပ်တာဖြစ်ကြောင်း အသက် ၄၅ နှစ်အရွယ် စစ်ဘေးရှောင်ကော်မတီ အမျိုးသားတဦးက အခုလို ပြောပါတယ်။

“အခု ဒရုန်းနဲ့ တိုက်ခိုက်တာက သူတို့ ရှေ့မှာ ကာကင်းသွားယူနေတဲ့ အဖွဲ့တွေက ကျနော်တို့ကို ပိုပြီးတော့ တိုက်ခိုက်တယ်။” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

လက်ရှိမှာတော့ စစ်အစိုးရတပ်ဟာ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်ထားပြီး ရှေ့ကာကင်းတပ်ဖွဲ့တွေက ယာခင်းသွားနေတဲ့ စစ်ဘေးရှောင်တွေကို ဒရုန်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် တောင်သူတွေဟာ မြေပြင်ကိုသာမျက်နှာမူကာ ခေါင်းငုံ့ပြီး မြေပေါက်၊ မြေဆွ၊ ပေါင်းသင်ရင်း လုပ်ကိုင်စားသောက်ခဲ့ကြတာပါ။ အခုတော့ အချိန်မရွေး ဝေဟင်ထက်က ရောက်လာနိုင်တဲ့ ဒရုန်းရန်ကိုပါ စိုးရိမ်နေရပါတယ်။

မြေပဲစိုက် စစ်ဘေးရှောင်တောင်သူ အမျိုးသားတဦးကတော့ အရပ်သားတွေကို ဒရုန်းတိုက်ခိုက်မှုတွေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ် အခုလို ပြောပါတယ်။

“ကျနော်တို့ဘာသာ ကျနော်တို့ ခြံထဲမှာ လုပ်ကိုင်စားသောက်ကြတာကို အခုလို ဒရုန်းတွေနဲ့ လာတိုက်ခိုက်တော့ ကျနော်တို့ စိတ်ထဲမှာ အရမ်းကို နာကျည်းတယ်။”

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ