IEC ရဲ့ တရားရေးရာဌာနကနေ အခြေခံ တရားစီရင်ရေးဆိုင်ရာ သင်တန်းဆင်းပွဲပြုလုပ်

0
1171

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ကနေ ပြုလုပ်တဲ့ အခြေခံ တရားစီရင်ရေးဆိုင်ရာ သင်တန်းဆင်းပွဲကို ဒီကနေ့ မတ်လ ၁၄ရက်နေ့မှာ ကရင်နီပြည်တွင်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ ကိုသန်းထွန်းဦးက “ ကျနော်တို့လက်ရှိ ကရင်နီပြည်မှာလည်း တရားစီရင်ရေးတွေ ဥပဒေပြုရေးတွေမှာ အားနည်းနေတာတွေရှိတယ်ပေါ့နော။အားနည်းနေတယ် ပြီးတော့ ပြည်သူတွေကလည်း ဒီဥပဒေနဲ့ပတ်သက်ပြီးတော့မှ သိပ်ပြီးတော့မှ အကာအကွယ်လည်း သိပ်မရှိဘူး။ တရားစီရင်ရေးတွေမှာလည်း အကာအကွယ်သိပ်မရှိကြဘူးပေါ့။ ဒီလိုမျိုးဖြစ်ပျက်နေတဲ့ကာလအနေအထားမှာ ကျနော်တို့က ဒီလို နယ်မြေတွေ တဖြည်းဖြည်းစိုးမိုးရလာတာနဲ့အမျှ တရားရေးလည်း အဓိက ကျလာတယ်ပေါ့နော။ ပြီးတော့ ပြည်သူတွေက ဥပဒေနဲ့ပတ်သက်ပြီးသူတို့ အကာအကွယ်ပေးဖို့တွေအများကြီး လိုလာတဲ့အချိန်မှာ ကျနော်တို့က ဒီလိုမျိုး ဒီသင်တန်းကိုလာပြီးတော့မှ သင်တန်းကို လာပြီးတော့ join ရတာပေါ့နော။” လို့ ပြောပါတယ်။

တရားရေးရာနဲ့ဆက်စပ်တဲ့ အမှုစစ်၊ အမှုလိုက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သင်ကြားပေးခဲ့သလို ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရာဇဝတ်ကျင့်ထုံး၊ ပြစ်မှုကျင့်ထုံး သက်သေခံ ဥပဒေ၊ တရားရေးရုံးလက်ဆွဲ၊ ဥပဒေရုံးများ လက်ဆွဲ၊ သစ်တော ဥပဒေ၊ လောင်းကစားဥပဒေ အပြင် အခြားသော သိသင့်သိထိုက်တဲ့ ဥပဒေဆိုင်ရာ အကြောင်းအရာတွေကိုလည်း ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကာလ နှစ်လကြာမြှင့်ပြီး ကရင်နီပြည်တွင်း ဒေသမျိုးစုံက လူငယ် ၃၉ဦးကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပါတယ်။ သင်တန်းတက်ရောက်ပြီးသူတွေဟာ IEC တရားစီရင်ရေးပိုင်းရဲ့ လိုအပ်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကိုတော့ ကရင်နီပြည်တပ်မတော်(KA) တာဝန်ရှိသူတွေ၊ KNPP တာဝန်ရှိသူတွေ၊ IEC ရဲ့ တရားရေးဌာနမှ ဌာနမှူးကြီးနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။