spot_img
Homeမာလ်တီမီဒီယာအန္တရယ်ကြားက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ လွိုင်ကော် အရှေ့ဘက်ခြမ်း စစ်ဘေးရှောင်တွေရဲ့ စကားသံများ

အန္တရယ်ကြားက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ လွိုင်ကော် အရှေ့ဘက်ခြမ်း စစ်ဘေးရှောင်တွေရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ ၂၀၂၆ နှစ်စပိုင်းအတွင်းမှာပဲ စစ်အုပ်စုတပ်ဘက်က နယ်မြေ စိုးမိုးမှု ပိုမို ရယူလာတာကြောင့် ဒေသခံ တောင်သူတွေ၊ စစ်ဘေးရှောင်တွေဟာ စိုက်ပျိုးရေးလုပ်ငန်းကို အန္တရယ်တွေကြား စွန့်စားပြီး လုပ်ကိုင်နေကြရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေစဉ်မှာ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်တာ ၊ ဒရုန်းတိုက်ခိုက်တာတွေကို တောင်သူတွေက စိုးရိမ်နေတာပါ။

ဒီလို စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကြောင့် တောင်သူတွေဟာ ယခင်နှစ်ကထက် စိုက်ပျိုးဧရိယာတွေလည်းလျော့နည်းလာပါတယ်။

ဒေါထျာမို

“အလုပ်လုပ်ရတာ စိတ်အရမ်းပင်ပန်းတယ်။ စားကော စားရပါ့မလားပေါ့။ ဒီနှစ် လုပ်နိုင်ပြီ ဆိုရင်လည်း နောက်နှစ်တွက် ပူပန်ရပြန်ကော။ တချို့လူကတော့ ရွာမှာ ပြန်နေကြတယ်။ ကျမ ကရွာမှာ ပြန်မနေရဲဘူးလေ။ စိတ်အရမ်းပင်ပန်းတယ်။ တကယ်လို့ ပြန်နေမယ် ဆိုရင်လည်း ညည လာပစ်ချရင် မပြေးတတ်မှာကိုလည်း စိုးရိမ်တယ်။ အရမ်းကြောက်တယ်။ သားလေးကတော့ ပြန်နေမယ် သူပြောတယ်။ ကျမကတော့ ကြောက်သေးတယ်လို့ ပြန်ပြောတယ်”

နော်ဘီးမယ်

“အလုပ် လုပ်နေတဲ့ အချိန်မှာ ဒရုန်းတွေ လှည့်နေတာတွေက အဓိက စိုးရိမ်မှုတွေ ရှိတယ်။ နောက်တခုက ကိုယ်လုပ်နေတဲ့ ဟာက ပြန်ကော ရိတ်သိမ်းနိုင်ပါ့မလား။ ရိတ်သိမ်းတဲ့ ကာလမှာပဲ တိုက်ပွဲ တွေ ဖြစ်ရင်တော့ မရိတ်ပဲ နေရမှာလား။ လုပ်သာလုပ်နေရပေမယ့်လည်း ကျမတို့က ၅၀ ၊၅၀ နဲ့ပဲ။ မလုပ်ရရင်လည်း မစားရမှာစိုးလို့။ လုပ်ရပြန်တော့လည်း ကိုယ်စိုက်လိုက်ဟာ ပြန်မရိတ်သိမ်းရမှာကိုလည်း စိုးရိမ်တဲ့အပိုင်းလေး ၅၀၊၅၀ စီ ဖြစ်နေတယ်ပေါ့နော်”

ဉီးထွားရယ်

“အလုပ်လုပ်မှ လာတယ်လေ။ အလုပ်မရှိရင် မလာဘူးလေ။ အလုပ်မရှိရင်သေနတ်ကြီးကြီး(လက်နက်ကြီး) တွေ မထွက်လာဘူးပဲ။ အလုပ်ရှိတော့မှ သေနတ်ကြီးတွေနဲ့ ပစ်သွားတယ်။ ဒရုန်းတွေက လာဝဲတယ်။ ဒရုန်းတွေ လာဝဲပြီးတော့ သေနတ်ကြီး ထွက်တယ်လေ။ မလုပ်ရတော့ဘူး လယ်က ။ တောင်ယာက ကိုယ့်ရွာဘက်မှာပဲ လုပ်ကြည့်မယ်လေ။ အခြေအနေကိုလည်း ကြိုမသိသေးဘူးကော”

ဒေါ်ဖရေမြာ

“အရမ်းကြီးတော့ မမျှော်လင့်နိုင်ဘူး။ ဒီလို မျိုး နိုင်ငံရေး အခြေအနေလည်း မကောင်းတော့ ရောင်းထွက်နိုင်မလားတော့ မသိဘူး။
ဒါပေမယ့် မစိုက်ဘူး ဆိုရင်လည်း စားဝတ်နေရေး အတွက်က လိုအပ်တော့ စိုက်ရမှာပဲ”

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ