ကန္တာရဝတီတိုင်း(မ်)
ဇွန်လ ၁ ရက်နေ့ကစလို့ ကရင်နီအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကျောင်းသားတွေ အခြေခံပညာကျောင်းမှာ ပညာသင်ယူနေကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခကာလမှာ စားဝတ်နေရေး အကြပ်အတည်းကြောင့်ဖြစ်စေ၊ လက်နက်ကိုင်လမ်းစဥ်ကြောင့်ဖြစ်စေ ပညာသင်ယူဖို့လိုအပ်တဲ့ ကလေးငယ်တွေက ပညာဆက်သင်ယူမှုမရှိကြတော့ပါဘူး။
ပဋိပက္ခကာလအတွင်း မြန်မာနိုင်ငံမှာ လူငယ် ၅သန်းကျော်က ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်းကိုလည်း UNDP က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိကရင်နီပြည်မှာလည်း မိသားစုစားဝတ်နေရေးကြောင့် ပညာသင်ယူမှုအစား အလုပ်လုပ်ကိုင်နေကြတဲ့ ကျောင်းသားတွေရှိနေသလို ကျောင်းစာသင်ပေးနေတဲ့ ကျောင်း ဆရာ/ဆရာမ တို့မှာလည်း ပြည်ပထွက်ပြီး အလုပ်လုပ်နေကြတာကိုတွေ့လာရပါတယ်။
လက်ရှိကရင်နီရဲ့ ပညာရေးအခြေအနေက ဘယ်လိုရှိပါသလဲ။ ဘာတွေအပြောင်းအလဲ ရှိလာနိုင်လဲ ဆိုတာ ကန္တာရဝတီတိုင်း (မ်) က ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပညာရေးဌာန, ဌာနမှူးကြီး မော်မိမာနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ပထမဆုံးအနေနဲ့ လာမဲ့လမှာ ကျောင်းတွေပြန်ဖွင့်တော့မယ်။ ကျမတို့ကြားနေရတာကလည်း ကျောင်းသင်ထောက်ကူတွေ၊ ဆရာ/ မ မလုံလောက်မှုတွေ ရှိနေကြတာတွေပေါ့ရှင်။ ဒီပြဿနာတွေအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုဖြေရှင်းလို့ရနိုင်တယ်ထင်ပါသလဲ။
ဖြေ ။ ကျောင်းတွေပြန်လည်ဖွင့်လစ်နိုင်ဖို့ အတွက် ပညာရေးဌာနအနေနဲ့ အခြားသော အစုအဖွဲ့များနဲ့ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်။ အဓိကအခြေခံလိုအပ်ချက်များဖြစ်တဲ့ ဆရာ/မမုန့်ဖိုး နဲ့ သင်ထောက်ကူပစည်းတွေကို ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ ပြည်တွင်း၊ပြည်ပအလူရှင်များနဲ့ ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပါတယ်။ သို့သော် အရေးပေါ်လိုအပ်ချက်တွေက အင်မတန်မြင့်မားနေတဲ့အတွက် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြေပြင်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ပြည့်ပြည့်ဝဝပံ့ပိုးပေးနိုင် ဖို့ကတော့ ဘတ်ဂျက်အခက်အခဲရှိနေပါတယ်။ သာမန်အခြေအနေမဟုတ်ပဲ တော်လှန်ရေး (သို့မဟုတ်) အရေးပေါ်ကာလမှာ ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဆောင်ရွက်နေရတဲ့ အတွက် လိုအပ်ချက်တွေ ၊ စိန်ခေါ်မှုအခက်အခဲတွေ များစွာရှိနေပါတယ်။ ပညာရေးဌာနအနေနဲ့ လိုအပ်သော အရင်းအမြှစ်များ လုံလုံလောက်လောက်မရှိသည့်အတွက် ပညာရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က စိန်ခေါ်မှုရှိနေပါတယ်။ ပညာရေးကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့က အဖက်ဖက်က သက်ဆိုင်ရာ အစုအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဖို့ အင်မတန် အရေးကြီးပါတယ်။
မေး ။ နောက်တစ်ခုက ကျောင်းသားတွေရဲ့ အခြေအနေပေါ့ရှင်။ ဒီကြားကာလထဲမှာ ကျောင်းသားနဲ့ ကျောင်းသူ အရေအတွက်ကို ယှဥ်ကြည့်ရင် ဘယ်အုပ်စုကပိုများလဲ။ ဘာကြောင့်လဲ။ ကျောင်းသားတွေမှာ ဘယ်လိုဖိအားမျိုးတွေရှိလဲ။ ကျောင်းသားတွေကြုံနေရတဲ့ ဖိအားတွေကို ဘယ်လိုနည်းလမ်းနဲ့ လျော့ချလို့ရနိုင်မလဲ။
ဖြေ ။လက်ရှိမှာကတော့ ကျောင်းသူအရေအတွက်က ကျောင်းသားထက် ပိုများနေတာတွေ့ရပါတယ်။ အဓိကအကြောင်းရင်းက ကျောင်းသားတွေ အထက်တန်းကျောင်းနေ အရွယ်ရောက်လာတဲ့အခါမှာ မိသားစုစားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ရတာတွေ၊ ရပ်ရွာလိုအပ်ချက်တွေကို လုပ်အားပေးလုပ် ဆောင်ပေးကြတာတွေကြောင့် အမျိုးသမီးများထက် ကျောင်းတက်နှုန်းပိုလျော့နည်းနေတာလို့ ယူဆရပါတယ်။
မေး ။ ကျောင်းထွက်ပြီး လုပ်ငန်းထဲဝင်နေကြရတဲ့ ကျောင်းသားတွေလည်း ရှိတယ်ရှင်။ ဒီလိုကိစ္စမျိုးတွေက လူမှုစီးပွားရေးကျလာလို့ ဖြစ်လာရတယ်လို့ တွက်ဆလို့ရပါတယ်။ ဒီလိုမျိုးကျောင်းသားတွေက အခြေနေက များလာနေမယ်ဆိုရင် လာမဲ့ အနာဂတ် ကရင်နီပြည်ရဲ့ ပညာရေးအခြေအနေက ဘယ်လိုဖြစ်လာနိုင်ဖွယ်ရှိလဲ။ ဒီပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းတွေ ရေးဆွဲ ပြင်ဆင်ထားတာတွေရှိသလား။
ဖြေ ။ ကရင်နီပြည်မှာ ကျောင်းထွက်နှုန်း မြင့်တက်လာနေတာကို သတိထားမိပါတယ်။ လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ ပညာသင်ကြားခွင့်မရရှိပဲ ကျောင်းပြင်ပရောက်နေတဲ့ကလေး (၇) သန်းခန့်ရှိနေပါတယ်။ အဓိကတော့ ပဋိပက္ခနဲ့ လူမှုစီးပွားရေးကျဆင်းလာပြီး စားဝတ်နေရေးအခက်ခဲတွေ များလာတဲ့အခါမှာ ကလေးတွေကျောင်းထွက်နှုန်း ပိုမိုများပြားလာတာတွေ့ရပါတယ်။ ဒါဟာပြည်နယ်အတွက်ရော နိုင်ငံအတွက်ပါ အင်မတန်ရင်လေးစရာပါ။ ပညာသင်ယူခွင့်မရရှိတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ လူ့အရင်းအမြှစ်တွေ ဆုံးရှုံးသွားရမှာဖြစ်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲပြသာနာတွေလည်းများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။
မေး ။ ဆရာမလိုအပ်ချက်တွေကလည်း တစ်စိတ်တစ်ပိုင်းပေါ့လေး။ ဒီထဲမှာ ဆရာမတစ်ယောက်ရပ်တည်ရေးအဆင်မပြေ ရင် ကျောင်းသားတွေအပေါ်မှာ သက်ရောက်လာတာကိုလည်း မြင်နေရတယ်ဆိုတော့ ဆရာ/မ တွေရဲ့ မုန့်ဖိုးကိစ္စမှာရော အပြောင်းအလဲတွေရှိလာနိုင်မလား။
ဖြေ ။ ဆရာ/မရဲ့အခန်းဂဏ္ဌကအင်မတန်မှအရေးကြီးပါတယ်။ လက်ရှိအခြေအနေမှာက ဆရာ/မတွေမရှိရင် ကျောင်းကို ဖွင့်နိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။ ဒါ့ကြောင့်ဆရာ/မတွေရဲ့ ခံစားခွင့်ကို အတတ်နိုင်ဆုံး ပံ့ပိုးပေးဖို့ ဦးစားပေးဆောင်ရွက်လျှက်ရှိပါတယ်။ ရရှိလာတဲ့ ရံပုံငွေအပေါ်အခြေခံပြီး တစ်ပြည်နယ်လုံးမှာရှိတဲ့ ဆရာ/မတွေကို တပြေးညီပံ့ပိုးပေးရတဲ့အတွက် ဆရာ/မတစ်ဦးဆီကို ပမာဏများများ ထောက်ပံ့ပေးနိုင်ဖို့က တော်တော်လေးအခက်အခဲရှိပါတယ်။ ဆရာ/မဦးရေများသည့်အတွက် လိုအပ်တဲ့ ဘတ်ဂျက်ပမာဏကလည်း ကြီးမားတဲ့အပေါ် ပညာရေးအသုံးစရိတ်မှာ ဆရာ/မထောက်ပံ့ကြေးတစ်ခုထဲနဲ့တင် ဘတ်ဂျက်လိုအပ်ချက်က အလွန်ပင်မြင့်မားနေပါတယ်။
မေး ။ အခုလက်ရှိကရင်နီပြည်တွင်း ပညာရေးအခြေအနေက ခြုံပြီးတော့ ဆရာမ ဘယ်လိုသုံးသပ်ချင်လဲရှင်။
ဖြေ ။လက်ရှိကရင်နီပြည်တွင်း ပညာရေးအခြေအနေကတော့ စိန်ခေါ်မှုအခက်အခဲမျိုးစုံကြားထဲကနေ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဆရာ/မမတည်ငြိမ်မှု၊ သင်ထောက်ကူပစည်းမလုံလောက်မှု၊ ကျောင်းဆောင်လိုအပ်မှုစတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရသည့်ပြင် ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်၊ဖျက်ဆီးတာတွေ၊ သဘာဝဘေးဒဏ်တွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရတဲ့အတွက် ကလေးတွေနဲ့ဆရာ/မများရဲ့ လုံခြုံရေးကိုလည်း အထူးစိုးရိမ်နေရပါတယ်။
လက်ရှိကရင်နီမှာ အခြေခံပညာကျောင်းပေါင်း (၅၀၀)ကျော်၊ အဆင့်မြင့်ပညာကျောင်း ၁၂ကျောင်း၊ သက်မွေးကျောင်း (၆)ကျောင်း၊ ဆရာ/မဦးရေ ငါးထောင်ကျော် နှင့် ကျောင်းသူ/သားပေါင်း ခြောက်သောင်းကျော်ရှိပါတယ်။ အဓိကတော့ ကလေးတွေ ပညာရေးအခွင့်အလမ်းမဆုံးရှုံးသွားအောင် ကိုယ်ကျိုးစွန့်၊ အနစ်နာခံပြီး ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာ/မတွေကို အထူးပဲလေးစားဂုဏ်ယူမိပါတယ်။ ဒီ့အပြင် ပညာရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်အောင် အဖက်ဖက်မှ ပါဝင်ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာအစုအဖွဲ့များ၊ မိဘပြည်သူများ၊ အလူရှင်များအားလုံးကို ပညာရေးဌာနအနေနဲ့အထူးပဲ ကျေးဇူးတင်ကြောင်းနှင့် ဂုဏ်ယူ၊အသိအမှတ်ပြုကြောင်းပြောလိုပါတယ်။






