spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KDF ရဲဘော် မောင်စိုင်းဝဏ္ဏ စစ်ကြောရေးမှာ ကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

အသက် (၂၆)နှစ်အရွယ် ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF ) ရဲဘော် မောင်စိုင်းဝဏ္ဏဟာ စစ်ကောင်စီတပ်သားရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ KDF တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရပြီးနောက် အစာအိမ်ရောဂါနဲ့ ဇူလိုင်လ ၁၆ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်ဆီ စစ်ကောင်စီက အကြောင်းကြားလာတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူ့မိသားစုဝင်တွေပြောတာကတော့ သူ့မျက်နှာကတော့ တော်တော်လေး ယောင်ကိုင်းနေတယ်ပေါ့နော။ နောက်ပြီးတော့ သူအစာအိမ်နဲ့သေတယ်လို့တော့ သူတို့ သတင်းပြောတယ်ပေါ့နော။ ဒါပေမယ့် ကျနော်တို့ကတော့ မထင်ဘူးပေါ့နော။ သူတို့ နှိပ်စက်ပြီးတော့မှ ဆုံးသွားတယ်လို့ ကျနော်တို့ သတ်မှတ်လို့ ရတယ်ပေါ့နော။” လို့ KDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၂၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ မောင်စိုင်းဝဏ္ဏဟာ ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF )မှာ မြို့ပြဖောက်ခွဲရေးအပိုင်းမှာ တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေကိုတော့ မောင်စိုင်းဝဏ္ဏရဲ့ ရုပ်အလောင်း ပြန်လည်သယ်ဆောင်ဖို့ ခွင့်မပြုခဲ့ပါဘူး။

၂၀၂၂ခုနှစ် မေလပိုင်းအတွင်း လွိုင်ကော်မြို့တစ်နေရာမှာ ဖောက်ခွဲရေးမစ်ရှင်ပြုလုပ်ပြီးအပြန် လွိုင်ကော် ၂၆၁ အမြောက်တပ်ရင်းရှေ့မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးမေးမြန်းမှုခံရပြီးနောက် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

“သူက ဖောက်ခွဲရေးလုပ်ပြီးတော့အပြန်မှာ ဖုန်းထဲမှာ မရှင်းခဲ့တာတွေလည်း ပါတယ်။ နောက်ပြီးတော့ ဒီရဲ့ ဖောက်ခွဲရေးတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေလည်းပါတော့ သူ့ကို မိသွားတယ်ပေါ့နော။ အဲ့လိုမျိုးဝင်ဖမ်းတာမျိုးတော့ မဟုတ်ဘူးပေါ့နော။ မိသွားတယ်ပေါ့နော။” လို့ KDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

၂၆၁ အမြောက်တပ်ရဲ့ စစ်ကြောရေးထဲမှာ ဖမ်းဆီးခံရပြီး လွိုင်ကော်အကျဉ်းထောင်ကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ထပ်မံ စစ်ကြောရေးသွင်းခံရတဲ့အချိန်မှာ ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

မောင်စိုင်းဝဏ္ဏဟာ ယခင်က ဓမ္မ School ဆရာတစ်ယောက်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF ) စတင်ဖွဲ့စည်းတည်ထောင်တဲ့အထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အရေးတော်ပုံအောင်ဖို့အတွက် ရည်မှန်ချက်ကြီးမားသူ ဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်ပေးသွားမယ်လို့ KDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

KDF တပ်ဖွဲ့မှာ မောင်စိုင်းဝဏ္ဏအပါအဝင် စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရင်း ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်ရဲဘော် ၄ဦးရှိပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts