spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNPP ဥက္ကဌ ခူဦးရယ်နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ တွေ့ဆုံမေးမြန်းမှု

“စစ်ရေးအရှိန်မြှင့်နေတဲ့ အချိန်မျိုး ကာလမျိုးမှာကတော့ ကျနော်တို့အနေနဲ့ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ဆိုတာကတော့ အခွင့်အခါကောင်း သိပ်တော့မဟုတ်ဘူးလို့ ကျနော်ယူဆတယ်ပေါ့နော။”

တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် ဒီကနေ့အထိ စစ်ကောင်စီဖက်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုတွေရှိသလားဆိုတဲ့မေးခွန်းအပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေအရ စစ်ကောင်စီ နဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဆွေးနွေးရမယ့် အချိန်အခါမဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ခူဦးရယ်နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးလိုက်ပါတယ်။

တွေ့ဆုံမေးမြန်းမှုအပြည့်အစုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှု၊ နားထောင်နိုင်ပါတယ်။

“ကျနော်တို့ဗမာပြည်အတွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ကျနော်တို့ကရင်နီ အပါအဝင်ပေါ့။ အဓိကအားဖြင့် တစ်စုံလုံးကိုပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့လက်နက်ကိုင်တော်လှန်ရေးဖြစ်ပေါ်ရတဲ့အခြေခံ အကြောင်းအရင်းကတော့ ပြောရရင်တော့ အဓိက နိုင်ငံရေးပြဿနာလို့ သုံးသပ်တာပေါ့ဗျား။ အဲ့တော့ ဒီနိုင်ငံရေးပြဿနာကို ကျနော်တို့နိုင်ငံရေးနည်းနဲ့သာလျှင် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးတဲ့ စားပွဲဝိုင်းကနေ အဖြေရှာလို့ပြီးမြောက်မယ်လို့ ကျနော်တို့ယုံကြည်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ အခွင့်အခါ အလျဉ်းသင့်တိုင်း စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ဖို့အတွက် တစ်စိုက်မတ်မတ် ကျနော်တို့ လွန်ခဲ့တဲ့ကာလတွေမှာဆိုလို့ရှိရင်တော့ ကျနော်တို့ခေါင်းဆောင်ကြီးတွေ ကြိုးပမ်းခဲ့တာရှိသလိုပဲ ကနေ့အထိ ကျနော်တို့လည်း ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ သို့သော် ကျနော်တို့တိုင်းပြည်မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၇၀ကျော်သာ ကြာသွားတယ်။ တွေ့ဆုံဆွေးနွေးမှုဟာ တစ်ခါမှ အဆင်မပြေခဲ့တာကတော့ ဒါဟာ တိုင်းပြည်မှာ ကြီးစိုးလွှမ်းမိုးတဲ့ အင်အားကြီးတဲ့ လူမျိုးစုတစ်စုက တစ်ဖက်ဇောင်းနှင်း အားငယ်သူ သို့မဟုတ် အင်အားနည်းသူတွေကို တစ်ဖက်သတ်လွှမ်းမိုးတဲ့ စိတ်ဓာတ်အခြေခံကြောင့်လို့ ကျနော်ကတော့ ဒီလိုသုံးသပ်တယ်ပေါ့နော။ ဒါကြောင့်မလို့ ကျနော်ကိုယ်၌က ဆိုလို့ရှိရင်တော့ ၁၉၉၄၊ ၉၅ ကာလတုန်းက တွေ့ဆုံဆွေးနွေးရေးကာလမှာလည်းပါခဲ့တယ် အဆင်မပြေခဲ့ပါဘူး စစ်မြေပြင်ကိုပဲ ကျနော်တို့ပြန်ဦးလှည့်ရတယ်။ ၂၀၁၁ကနေ ၂၀၁၉အထိလည်း ကျနော်တို့တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကို အကြိမ်ကြိမ် အဖန်ဖန် ကျနော်တို့သွားခဲ့တယ်။ ဒါလည်း သာတူညီမျှ၊ တန်းတူရည်တူတွေ့ဆုံဆွေးနွေးတဲ့ စားပွဲဝိုင်း၊ တွေ့ဆုံဆွေးနွေးတဲ့အခင်းအကျင်း မဖြစ်ခဲ့ပါဘူး။ ဒီထက်ပိုဆိုးတာကတော့ တွေ့ဆုံဆွေးနွေးရေးအဆင်မပြေတဲ့ကြားထဲက အခုဆိုလို့ရှိရင်တော့ စစ်တပ်ကပဲတစ်ဖန် နိုင်ငံတော်ရဲ့အာဏာကိုတစ်ကျော့ပြန်သိမ်းလိုက်တော့ အခုဆိုလို့ရှိရင် တွေ့ဆုံဆွေးနွေးရေးအတွက် လူထုတစ်ရပ်လုံးကလည်း တွေ့ဆုံဆွေးနွေးရေးကို အသာတကြည်နဲ့လက်ခံဖို့ အကြောင်းတရားမရှိဘူးလို့တော့ ကျနော်သုံးသပ်တယ်။ သို့သော်လည်းပဲ ကျနော်တို့တစ်ဖက်နဲ့တစ်ဖက် ရန်လိုမှုကို အဆုံးမသတ်နိုင်ဘူးဆိုလို့ရှိရင် ဒီပြဿနာလည်း အဆုံးသတ်ဖွယ်ရာမရှိဘူး။ သို့သော်အခုလို စစ်ရေးအရှိန်မြှင့်နေတဲ့ အချိန်မျိုး ကာလမျိုးမှာကတော့ ကျနော်တို့အနေနဲ့ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ဆိုတာကတော့ အခွင့်အခါသိပ်တော့မဟုတ်ဘူးလို့ ကျနော်ယူဆတယ်ပေါ့နော။ ဒီလိုပြောလိုက်လို့ တွေ့ဆုံဆွေးနွေးရေးမလိုအပ်ဘူးလို့ ကျနော်မဆိုလိုဘူး။ တွေ့ဆုံဆွေးနွေးရေးသာလျှင် အဖြေဖြစ်တယ်ဆိုတာကိုတော့ ကျနော်လက်ခံထားတယ်။ သို့သော် ဒီအချိန်ဟာ အချိန်အခါကောင်းမဟုတ်ဘူးလို့ပဲ ကျနော်ပြောချင်ပါတယ်။ အဲ့တော့ ကနေ့အထိလည်း တိုင်းပြည်အာဏာကိုသိမ်းလိုက်တဲ့ စစ်ကောင်စီကလည်း ကျနော်တို့ကို တွေ့ဆုံဆွေးနွေးစားပွဲဝိုင်းကိုလည်း ဖိတ်ခေါ်တာမျိုးတွေမလုပ်ပါဘူး။ ကျနော်တို့ဖက်ကလည်း တွေ့ဆုံဆွေးနွေးဖို့ လည်း အခြေခံစဉ်းစားချက် မရှိသေးဘူးဆိုတာကိုပဲ ကျနော်ပြောချင်ပါတယ်။”

spot_img
spot_img