KSPက ထိန်းသိမ်းထားတဲ့ ပညာရေးဝန်ထမ်း ၆ဦးကို ၁၀ရက် အကြာမှာ ပြန်လွှတ်ပေး

0
5275

ကန္တာရဝတီတိုင်း ( မ် )

ဒေသခံတွေရဲ့ တိုင်ကြားမှုရှိတဲ့အတွက် ထိန်းသိမ်းထားတဲ့ Non-CDM ပညာရေးဝန်ထမ်း ၆ ဦးကို ၁၀ရက်အကြာ ( ဇူလိုင်လ ၃ရက်နေ့မှာ ) ပြန်လွှတ်ပေးလိုက်တယ်လို့ ကရင်နီပြည်ရဲဌာန ( KSP ) ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

KSP အနေနဲ့ ကလေးတွေရဲ့ ပညာရေးကို အလေးထားသလို စာသင်ကြားပေးဖို့အတွက် ဆရာ၊ ဆရာမတွေလည်း လိုအပ်တဲ့အတွက် ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ကိုဘိုဘိုက ဆက်ပြောပါတယ်။

“ ဒီကရင်နီဒေသမှာက ကလေးငယ်တွေကို စာသင်ပေးဖို့ ဆရာ၊ ဆရာမတွေ လိုတဲ့အတွက် သူတို့ကို ပြန်လွှတ်ပေးလိုက်တာဖြစ်တဲ့အတွက် သူတို့ကိုတော့ စာဆက်သင်ခိုင်းပါတယ်။ တတ်နိုင်သလောက် ဒီကိုယ်ထူကိုယ်ထကျောင်းတွေ ပြည်သူ့အခြေပြုကျောင်းတွေမှာလည်း သင်ပေးဖို့အတွက် ကျနော်တို့ Requested လုပ်ထားပါတယ်။“ လို့ ကိုဘိုဘိုက ပြောပါတယ်။

CDM ပြုလုပ်သွားတဲ့အတွက် ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ကရင်နီဒေသမှာ ကလေးတွေရဲ့ ပညာရေးအတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေပြီး တတ်နိုင်သလောက် ကူညီပေးဖို့ ကိုဘိုဘိုက တိုက်တွန်းထားပါတယ်။

ပညာရေးဝန်ထမ်း ၆ဦးဟာ လွိုင်ကော်မြို့ လွိုင်လင် အ.ထ.က ကျောင်းမှာ စစ်ကောင်စီရဲ့ လမ်းညွှန်မှုနဲ့ စာသင်ကြားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့က စစ်ဆေးမေးမြန်းဖို့အတွက် KSP နဲ့ KNDF B-12 တို့ သွားရောက် ခေါ်ယူ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ဒေသခံတွေရဲ့ ခွင့်ပြုချက်မရှိပဲ စစ်ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ ကျောင်းဖွင့်လှစ်တဲ့အတွက် ဒေသခံတွေက တိုင်ကြားတာကြောင့် ခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့ ဆိုပါတယ်။