spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

NCA လက်မှတ်ရေးထိုးဖို့ ယုံကြည်စိတ်ချမှုရှိတဲ့ နိုင်ငံရေး အခင်းအကျင်းမရှိသေးဟု KNPP မှပြောကြား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) မှာလက်မှတ်ရေးထိုးဖို့ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးပတ်ဝန်းကျင် အခင်းအကျင်းမရှိသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန် ကယားပြည်နယ် (ကရင်နီပြည်) မှာ လူထုတွေကြုံတွေ့နေရတဲ့ပြသနာတွေ၊ ကရင်နီလူငယ်အင်အားစုနဲ့ပြည်နယ်အစိုးရကြားက ပြသနာတွေ၊ စစ်တပ်နဲ့တောင်သူတွေကြားက လယ်ယာမြေပြသနာတွေဖြစ်နေတာတွေဟာ အစိုးရနဲ့ KNPP အကြားယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေသေးတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ KNPP အထွေထွေအတွင်းရေးမှူးရွေမျိုးသန့်ကပြောပါတယ်။

“NCA ထိုးဖို့ဆိုရင် အစိုးရ၊ စစ်တပ်၊ ကျနော်တို့ကြားမှာ ယုံကြည်စိတ်ချမှုတွေဖြစ်ပေါ်စေ တဲ့နိုင်ငံရေးပါတ်ဝန်းကျင် အခင်းအကျင်းရှိနေရမှာဖြစ်သလို ပြည်သူလူထုတွေရဲ့ ဘဝတွေဟာ လုံခြုံအေးချမ်းပြီး စိတ်ကျေနပ်စရာကောင်းတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေရမယ်၊ အခုကျနော်တို့ပြည်နယ်ရဲ့အနေအထားတွေကို ကြည့်လိုက်ပါ အစိုးရနဲ့ လူငယ်တွေ၊ လူထုတွေရဲ့ ပြဿနာတွေ၊ စစ်တပ်နဲ့ လယ်သမားတွေရဲ့ ပြဿနာတွေ ကျ နော်တို့နဲ့ အစိုးရကြားယုံကြည်မှုတည်ဆောက်ရမဲ့ ကိစ္စတွေ အများကြီး လုပ်စရာကျန်သေးတယ်၊ သည်ကိစ္စတွေ မဖြေရှင်းဘဲနဲ့ လက်မှတ်ထိုးရင်ပြီးရောဆိုတာမျိုးလုပ်လို့မရပါဘူး လက်မှတ်ထိုးတယ်ဆိုတာ တဖက်နဲ့ တဖက် ပိုမိုခိုင်မာတဲ့ယုံကြည်မှုတွေရအောင် သဘောတူညီမှုအတွေအပေါ်မှာ နှစ်ဖက်က ခိုင်ခိုင်မာမာကတိပြုကြတာ မျိုးဖြစ်ပါတယ်၊ သည်တော့ ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ ပြဿနာလေးတွေတောင်မဖြေရှင်းပေးဘဲနဲ့ NCA လက်မှတ်ထိုးပါ ဆိုတော့ ပိုပြီး ခိုင်မာတဲ့ ပြည်ထောင်စုအဆင့်ကတိကဝတ်တွေကို ဘယ်လိုယုံကြည်မှုနဲ့ အကောင်အထည် ဖော်ကြမလဲဆိုတဲ့ပြဿနာရှိပါတယ်” လို့ပြောပါတယ်။

ဒါ့အပြင် အစိုးရက ကျင်းပဖို့ရည်ရွယ်ထားတဲ့ ၂၁ ရာစု စတုထ္တအကြိမ်ပင်လုံညီလာခံဟာလည်း လက်ရှိမြန် မာပြည်မှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအနေအထားအရ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ညီလာခံဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ရွေမျိုးသန့်က ပြောပါတယ်။

“ဒီ ညီလာခံဟာလည်း တနိုင်ငံလုံးအတိုင်းအတာဆောင်ဖို့တော့ မဖြစ်နိုင်လောက်သေးပါဘူး၊ ရခိုင်မှာဖြစ် နေတဲ့ ပြင်းထန်တဲ့လက်နက်ကိုင်ပဋိပက္ခတွေကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မဲ့အလားအလာမရှိ သေးတာ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ်တွေချုပ်ဆိုဖို့မဖြစ်နိုင် သေးတာ၊ တိုင်းရင်းသား လက်နက်ကိုင် တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ၀ ပါဝင်လာနိုင်ရေးမသေချာသေး တာတွေရယ်ကြောင့် တနိုင်ငံလုံးအတိုင်း အတာဆောင်တဲ့ ညီလာခံမဖြစ်နိုင်သေးပါဘူး၊” လို့ပြောပါတယ်။

ပြည်ထောင်စုအဆင့်မှာရော ပြည်နယ်အဆင့်မှာပါ အစိုးရ နဲ့ KNPP အကြား ထိတွေ့ ဆက်ဆံမှုက အားနည်းနေတာကြောင့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA ကို KNPP ဖက်က လက်မှတ်ထိုးဖို့ အလှမ်းဝေးနေတယ်လို့ ပြည်နယ် အရေး လေ့လာသုံးသပ်သူ ကိုကျော်ထင်အောင်ကပြောပါတယ်။

“ ပြည်ထောင်စုအဆင့်မှာလည်း ကြိုးပမ်းအားထုတ်မှုနည်းတယ်၊ တကယ်တမ်းထိတွေ့ဆက်ဆံနေရတဲ့ပြည်နယ်အစိုးရဘက်ပိုင်းကို ပိုပြီးတော့မှကို ထိတွေ့ဆက်ဆံမှုပိုင်းအားနည်းပြီးတော့မှ တရားဝင် ဆွေးနွေးပွဲတွေမှာဆိုရင်လည်း တာဝန်ရှိတဲ့ ဝန်ကြီးချုပ်တို့ ပြည်နယ်အစိုးရဝန်ကြီးတို့မတက်ဘဲနဲ့ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ထွေအုပ်ကနေဘဲ တက်တာတွေကြောင့်မို့လို့ကို KNPP ရဲ့ NCA ထိုးမှုကြိုးပမ်းရေးအပိုင်းမှာတော့ ဒီအစိုးရလက်ထက်မှာ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အားနည်းချက်များစွာနဲ့မို့လို့ လက်ရှိ KNPP အနေနဲ့လက်မှတ်မရေးထိုးနိုင်သေးဘဲ ရေးထိုးနိုင်ရေးကြိုးပမ်းနေဆဲဘဲလို့မြင်တယ်ပေါ့” လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

KNPP နှင့် ပြည်နယ်အစိုးရအကြား ချုပ်ဆိုထားတဲ့ နှစ်ဦးနှစ်ဘက်သဘောတူညီမှုစာချုပ် (Bilateral Agreement) အရ KNPP နှင့် ကယားပြည်နယ်အစိုးရတို့ ပြည်နယ်အတွင်းမြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းဖို့ တစ်လတစ်ကြိမ်တွေ့ဆုံမယ်ဆိုတဲ့ အချက်ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ပိုင်းက တွေ့ဆုံမှုမှာတော့ သက်ဆိုင်ရာပြည်နယ်အစိုးရဘက်က ဝန်ကြီးတွေတက်ရောက်ခဲ့ ခြင်းမရှိဘဲ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်သာ တွေ့ဆုံဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts