spot_img
17.8 C
Loikaw
Saturday 13, December 2025
spot_img
Homeမာလ်တီမီဒီယာဖရူဆိုမြို့နယ် ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်းမှာ ရေရှားပါးမှု စတင်ကြုံတွေ့နေရ

ဖရူဆိုမြို့နယ် ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်းမှာ ရေရှားပါးမှု စတင်ကြုံတွေ့နေရ

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာရှိတဲ့ ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်းမှာ ရေရှားပါးမှုပြဿနာ စတင်ကြုံတွေ့နေရတယ်လို့ အဲဒီစခန်းမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦးက ပြောပါတယ်။

တောင်ပေါ်ဒေသမှာ ရှိနေတဲ့ ဆိုသယ် စစ်ဘေးဒုက္ခသည်စခန်းဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ရေသယ်ယူရတဲ့နေရာမှာလည်း ခက်ခဲတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆိုသယ် စစ်ရှောင်စခန်းက တောင်ပေါ်မှာပဲ အကုန်တက်နေတော့ ရေထွက်ပေါက် ဟိုး ကျနော်တို့ရွာမှာနေကတည်းက ရေထွက်ပေါက်က မရှိဘူး။ ကျနော်တို့ ဟိုးဖရူဆိုဘက်ကိုပဲ အားကိုးတယ်။ အခုတော့ စစ်တပ်တွေနဲ့ နီးကုန်ပြီ။ ရေပိုက်တွေလည်း သူများဖျက်စီးကုန်တယ်။ အဲဒါကြောင့် ရေတွေက မလာတော့ဘူး။ ကျနော်တို့ ဆိုသယ်စစ်ရှောင်စခန်းမှာက လုံးဝ ဟိုးရွာထဲမှာနေကတည်းက ရေထွက်ပေါက်မရှိတာ။ ရေမြောင်းတောင်မှ မရှိဘူး။” လို့ သူက ပြောပါတယ်။

ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်းမှာ ယခင်နှစ်က ရေအလှူရှင်တချို့ရောက်လာတဲ့အတွက် အဲဒီရေနဲ့ ချွေတာသုံးစွဲရင်း ရေရှားပါးမှုပြဿနာကို ကျော်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အလှူရှင်မရှိသေးသလို ယခင်ကျေးရွာအတွင်း နေစဉ်ကထက် သုံးဆပိုဝေးတဲ့နေရာမှာ ရေသွားခပ်နေရတယ်လို့ ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူ တစ်ဦးကပြောပါတယ်။

“ရေမရှိတော့ သန့်ရှင်းအောင်မနေနိုင်လို့ ဖျားနာတာတွေက ဖြစ်မှာပဲ။ သန့်ရှင်းအောင်မနေနိုင်တဲ့အတွက် အဖျားအနာတွေဟာ ဖြစ်ကို ဖြစ်နိုင်တယ်။ လက်သေချာ မဆေးနိုင်တာတွေလည်း ရှိနိုင်တယ်။ သက်ကြီးရွယ်အိုတွေဆိုရင် ရေသွား မသယ်နိုင်တော့ဘူး။ သွားမသယ်နိုင်တော့ပါဘူး။” လို့ သူက ပြောပါတယ်။

အာဏာမသိမ်းခင်မှာ ဖရူဆိုမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာတွေဟာ မိုးရာသီအတွင်း မိုးရေတွေကို သိုလှောင်ပြီး ရေသုံးစွဲနေကြပေမယ့် လက်ရှိမှာတော့ တောတောင်ထဲနေထိုင်တဲ့အတွက် သန့်ရှင်းတဲ့ မိုးရေကိုတော့ ခံယူသုံးစွဲနိုင်ခြင်း မရှိဘူးလို့ ဆိုကြပါတယ်။

အဆိုပါ ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ဘေးရှောင် ဒုက္ခသည်လူဦးရေ ၁၇၀၀ ကျော်နေထိုင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ