spot_img
23.9 C
Loikaw
Saturday 6, December 2025
spot_img
Homeသတင်းရှမ်းတောင်က ကရင်နီစစ်ရှောင် ၁၄၀၀ကျော် AHA Centreရဲ့ ထောက်ပံ့မှု ပထမဆုံးအကြိမ်ရရှိ

ရှမ်းတောင်က ကရင်နီစစ်ရှောင် ၁၄၀၀ကျော် AHA Centreရဲ့ ထောက်ပံ့မှု ပထမဆုံးအကြိမ်ရရှိ

-

ကန္တာရဝတီတိုင်း(မ်)

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာ (AHA Centre)ရဲ့ ကူညီထောက်ပံ့မှု ပစ္စည်းတချို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာမှာရှိတဲ့ ကရင်နီစစ်ရှောင် ၁၄၀၀ကျော် က ပထမဆုံးအကြိမ်အနေနဲ့ ဇူလိုင်လအတွင်းမှာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်အိမ်ထောင်စု (၄၀၀)၊ လူဦးရေ (၁၄၅၀)ဦးအတွက် ဆန်နဲ့ တကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းတချို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)ကနေတဆင့် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

“ အဲဒါ ပထမဆုံးအကြိမ်ပြောလို့ရပါတယ်။ အရင် တစ်ခေါက်ကသူတို့လာတာ မိသားစု (၁၀)စုစာ ပေါ့နော။ ပေးသွားတာရှိတယ်။ ကျန်တဲ့ ၄၀၀ ကတော့ ဒီတစ်ခေါက်မှ ပေးနိုင်တယ်ပေါ့နော။ အရင်တုန်းက အာဆီယံ သံတမန်ကိုယ်တိုင်လာပြီးတော့ ပေးဖို့ဆိုပြီးတော့ အဲဒီတုန်းက အဆက်တွေပေါ့နော။ အဲဒီတုန်းက ပေးတော့မပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် မိသားစု (၁၀)စာ ဒီတစ်ခေါက်ကတော့ လေးရာ စာပေါ့။ စုစုပေါင်းကတော့ ၄၁၀ ဖြစ်သွားတာပေါ့။ “ လို့ PNLO တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းက ကန္တာရဝတီတိုင်း(မ်)ကို ဖြေဆိုပါတယ်။

အိမ်ထောင်စု ၄၀၀ အတွက် ဆန်အိတ် (၄၀၀) နဲ့ မိသားစုသုံး အသုံးဆောင်ပစ္စည်း၊ တကိုယ်ရည်သုံးအသုံးအဆောင်ပစ္စည်းတို့ကို ကူညီပေးခဲ့တာဖြစ်ပါတယ်။

အခုလို ထောက်ပံ့ကူညီပေးနိုင်ခဲ့ပေမယ့် မြေပြင်မှာ စစ်ရှောင်တွေရဲ့ လိုအပ်ချက်က ရှိနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးခွန်မင်းသိမ်းက ဆက်ပြောပါတယ်။ (AHA Centre)ကနေပြီး စစ်ရှောင်တွေကို ဆက်ပြီးကူညီမယ့် အခြေအနေကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ(၇)ရက်နေ့ က စစ်ရှောင်တွေကို ကူညီဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် PNLOဆက်ဆံရေးရုံးကို သွားနေတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း လက်ရှိ ထောက်ပံ့မှုက ပထမအကြိမ်ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ