spot_img
15.7 C
Loikaw
Wednesday 12, November 2025
spot_img
Homeသတင်းအရေးပေါ် လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ “ Project Upgrade” ကမ်ပိန်းကို ပြုလုပ်

အရေးပေါ် လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ “ Project Upgrade” ကမ်ပိန်းကို ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က ၁ လေးလုံး စစ်ဆင်ရေးအတွင်း အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနကနေ “ Project Upgrade” ကံစမ်းမဲ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

တိုက်ပွဲအတွင်း လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့ နဲ့ ဆက်သွယ်ရေးလိုင်းအတွက် တပ်ရင်းအလိုက် သတင်းတပ်ဖွဲ့ကို ဖြန့်ဝေနိုင်ဖို့ “ Project Upgrade” ကံစမ်းမဲ ကမ်ပိန်းပြုလုပ်ရတာဖြစ်တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန၊ ကမ်ပိန်းတာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်ကောင်စီက မြေပြင်မှာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက်ကြောင့်မလို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးအပြင် တပ်ရင်းအလိုက် မီဒီယာအဖွဲ့ရဲ့ ရဲဘော်တွေအတွက်လည်း မြေပြင်မှာ ချိတ်ဆက် ဆက်သွယ်ရေးအတွက် စကားပြောစက်တွေ အရေးပေါ် ဖြန့်ဝေပေးဖို့လိုတယ်ပေါ့နော။ သတင်းအချက်အလက်တွေ လျင်မြန်စွာရရှိဖို့အတွက်ဆိုလို့ရှိရင် စကားပြောစက်က မဖြစ်မနေ ဖြန့်ပေးရမယ်ပေါ့နော အဲ့ဒီအတွက် လိုအပ်နေတယ်။” လို့ ကမ်ပိန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

စစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနရဲ့ လက်နက်တချို့ နဲ့ မော်တော်ယာဉ်လည်း ပျက်စီးသွားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ကံစမ်းမဲကမ်ပိန်းကို အားဖြည့်ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

“Project Upgrade” ကမ်ပိန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တစ်လတိတိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကံစားမဲ မဲလက်မှတ် တစ်စောင်ကို မြန်မာငွေ ကျပ် ၂၀,၀၀၀ နှုန်းနဲ့ သတ်မှတ်ထားပြီး ကျပ်ငွေ သိန်း (၆၀၀ ) ကျော်အထိ မျှော်မှန်းထားကာ ကံစမ်းမဲလက်မှတ်ကို နိုင်ငံအသီးသီးကနေ ပါဝင်အားဖြည့်ပြီး ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

“ခုနပြောခဲ့တဲ့ လိုအပ်ချက်တွေအပြင် အခြားလိုအပ်ချက်တွေလည်း ဌာနမှာ အများကြီးရှိတာပေါ့နော်။ ဒါပေမဲ့လည်း အခုချိန်ထိ ထောက်ပို့ပေးနေတဲ့ တော်လှန်ပြည်သူတွေကို ဝန်လေးတာတွေမဖြစ်အောင် အခက်မဖြစ်ရလေအောင်လို့ ခုနပြောခဲ့တဲ့ အ‌ရေးပေါ် ဖြည့်ဆည်းရမယ့် အရေးကြီး လိုအပ်တဲ့ အဲ့ဒီဟာအတွက် ရည်ရွယ်ပြီးတော့မှ သိန်း ၆၀၀ ကမ်ပိန်းကို ပြုလုပ်တာဖြစ်တယ်။” လို့ ကမ်ပိန်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

လတ်တလော အရေးပေါ် လိုအပ်ချက်တွေ များပြားနေတာကြောင့် အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကနေပြီး ပထမဆုံး ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ