ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ် နန်းမယ်ခုံမြို့နယ်မှာ လယ်စိုက်ပျိုးထားတဲ့ တောင်သူအမျိုးသားတဦး လယ်သွားကြည့်ပြီး ပြန်လာချိန်မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေရှိရာဖက်ကို ဒရုန်းနဲ့ တကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ လယ်သွားကြည့်ပြီး ပြန်လာတဲ့အချိန်မှာ လေးနာရီ၊ ငါးနာရီဝန်းကျင်မှာ ဖြစ်တာ” လို့ ထိခိုက်ဒဏ်ရာရသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူဟာ အသက် ၂၄နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး လက်မောင်းမှာ ဒရုန်းဗုံးစ ထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်တယ်လို့ အထက်ပါနီးစပ်သူက ဆက်ပြောပါတယ်။
အလားတူ မွန်းလွဲ ၂ နာရီဝန်းကျင်မှာလည်း တောင်သူတွေ စပါးရိတ်သိမ်းနေတဲ့ နေရာတခုကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ကင်းထောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်း-ကရင်နီနယ်စပ် နန်းမယ်ခုံမြို့နဲ့ အနီးတဝိုက်မှာ အာဏာသိမ်းစစ်တပ်က လေယာဉ်၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရိတ်သိမ်းရာသီဖြစ်တဲ့ လက်ရှိကာလမှာ ဒေသခံတောင်သူတွေဟာ စိုးရိမ်မှုတွေကြားက သတိထားပြီး လယ်ယာ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။






