spot_img
Homeဆောင်းပါး“ကျောင်းသားတွေမှာလည်း ပညာရေးတစ်ခုကို အသိမှတ်ပြုနိုင်တဲ့ အာဏာရှိတယ်”

“ကျောင်းသားတွေမှာလည်း ပညာရေးတစ်ခုကို အသိမှတ်ပြုနိုင်တဲ့ အာဏာရှိတယ်”

-

ကန္တာရဝတီတိုင်း (မ်)

လက်ရှိ ပဋိပက္ခကာလ၊ အထူးသဖြင့် တော်လှန်ရေးထိန်းချုပ်နယ်မြေတွေအတွင်းမှာ အရင်တုန်းကလို ပညာရေးကို အစိုးရအသိမှတ်ပြုဖို့ထက် ကျောင်းသားတွေက မိမိတို့ရဲ့ ပညာရေးကို ကိုယ်တိုင် အသိမှတ်ပြုနိုင်တဲ့ အာဏာရှိလာတယ်လို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာက ‌အောက်တိုဘာ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ ပြောပါတယ်။

ပညာရေးအသိမှတ်ပြုမှုလို့ပြောရာမှာ အခုလက်ရှိသင်ကြားရရှိနေတဲ့ ပညာရေးစနစ်ကို ကျောင်းသားတွေ သာမက ပတ်ဝန်းကျင်ရဲ့ လက်ခံမှု ဘယ်လောက်ရှိတယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီး အသိမှတ်ပြုမှု ရရှိနိုင်တယ်လို့လည်း မော်မိမာက ပြောပါတယ်။

“ကျမတို့ အသိမှတ်ပြုမှုက လက်မှတ်၊ စာရွက်ပေါ်မှာပဲ ရှိတာမဟုတ်ပဲနဲ့ ကျမတို့ သက်သေ၊ လက်တွေ့နဲ့ ပြနိုင်တဲ့ ပညာရေး အရည်အချင်းက ပိုပြီးတော့ အရေးကြီးတယ်ဆိုတဲ့အကြောင်းပေါ့နော ကျမပြောချင်ပါတယ်။ နိုင်ငံတကာ အသိမှတ်ပြုမှုအနေနဲ့က ဒါက ကျမတို့ လျစ်လျှူရှူ လို့မရဘူးပေါ့နော။ ကိုယ့်နိုင်ငံက ကိုယ့်ကို အသိမှတ်မပြုဘူးဆိုရင် နိုင်ငံတကာက ကိုယ့်ကို အသိမှတ်ပြုနိုင်အောင် ဆက်လက်ကြိုးစားသွားရမှာဖြစ်တယ်။” လို့ မော်မိမာက ပြောပါတယ်။

ကရင်နီပြည်အဆင့်မြင့် ပညာရေးကောင်စီ KSHEC နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ပညာရေးဌာန IEC-DoE တို့က Zoom အွန်လိုင်း ပလက်ဖောင်းမှာ ကြီးမှူးကျင်းပခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲမှာ “ကရင်နီပြည် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်သစ် အပြောင်းအလဲကာလမှာ ရုန်းကန်နေရသော မိဘများ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးအကြောင်း” စကားဝိုင်း အစီအစဥ်ကို တပါတည်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

စကားဝိုင်းမှာ ကျောင်းသား၊ ဆရာ၊ မိဘများ ကိုယ်စားလှယ် အသီးသီးတို့က လက်ရှိ ကြားကာလပညာရေးမှာ မိမိတို့ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို တင်ပြခဲ့ကြပါတယ်။

အဲဒီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသူအမျိုးသမီးငယ်တစ်ဦးက လက်ရှိ ကြားကာလမှာ ၁၂ တန်းပညာရေးပြီးဆုံးရင် ပညာရေးအသိမှတ်ပြုမှု ဘယ်လိုရှိလဲဆိုတာကို ကျောင်းသားအများစုက စိုးရိမ်နေရကြောင်း တင်ပြခဲ့တာကို ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“အသိမှတ်ပြုမှုက ကျမဆိုလိုချင်တာက အစိုးရဆီမှာပဲ အာဏာရှိတာမဟုတ်ပဲနဲ့ ပြည်သူတွေမှာလည်း အာဏာရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ ကိုယ်တိုင်မှာလည်း အာဏာရှိပါတယ်။ ဆိုတော့ ကိုယ်သင်ရတဲ့ ပညာက အရည်အသွေးရှိတယ်ဆိုလို့ရှိရင် သတိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် အသိမှတ်ပြုနိုင်ဖို့ အရေးကြီးပါတယ်။” လို့ မော်မိမာက တဆက်တည်း ဖြေကြားပါတယ်။

အရင် အစိုးရ အဆက်ဆက် လက်ထက်ကတည်းက မြန်မာနိုင်ငံတဝှမ်း ဒေသအသီးသီးမှာ ခွဲခြားဆက်ဆံမှုရှိတဲ့ ပညာရေး၊ တရားမျှတမှု မရှိတဲ့ ပညာရေး၊ လူထုတွေကို ဖိနှိပ်နေတဲ့ ပညာရေးကနေတဆင့် တန်းတူပညာ‌ရေး မရရှိခဲ့တာကြောင့် အခုအချိန်မှာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ အမည်ခံ အဖွဲ့တွေရဲ့ အသိမှတ်ပြုမှုကို မလိုအပ်ဘူးလို့လည်း သူမက ပြောပါတယ်။

အခုလက်ရှိ တော်လှန်ရေးနယ်မြေက ကျောင်းသားတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံး ဒဏ်ကို ခံစားနေကြရတာဖြစ်လို့ စာသင်နှစ်တစ်ခုမှာ ကျောင်းပိတ်ရက်များနေတယ်လို့လည်း ကျောင်းသားကိုယ်စားလှယ် အမျိုးသမီးငယ်လေးက စကားဝိုင်းမှာ ပြောပါတယ်။

ပုံစာ – ဒီး​မော့ဆိုမြို့နယ်၊ ​တောတွင်းတ​နေရာမှာ ပညာသင်ယူနေရတဲ့ ၁၂ တန်းကျောင်းသား​တွေကို ​တွေ့ရစဥ်

ကျောင်းပိတ်ရက်များနေတာက ကျောင်းသားတွေရဲ့ စာသင်ကြားမှုအပေါ် သက်ရောက်လာသလို ကျောင်းသားတွေရဲ့ သင်ခန်းစာအပေါ် စိတ်ဝင်စားမှုနှုန်းကိုလည်း လျော့ကျလာစေတယ်လို့လည်း ပြောပါတယ်။

“ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အခက်အခဲကတော့ ဘေးကင်းလုံခြုံမှုပေါ့နော။ အခုလက်ရှိ အခြေအနေနဲ့ဆိုရင် ပညာရေး အဆောက်အဦးတွေ၊ ပြီးတော့ လေယာဥ်တွေ ဒရုန်းတွေကို ကြောက်ရတာနဲ့တင် ကျောင်းပိတ်တယ်။ ပြီးတော့ ဒီကျောင်း ပိတ်နေတဲ့ အချိန်အတွင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေက စိတ်လေသွားတယ်” လို့ ကျောင်းသားကိုယ်စားလှယ် အမျိုးသမီးငယ်လေးက ပြောပါတယ်။

တဖက်မှာတော့ ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ကျောင်းသား၊ မိဘတွေ ပါဝင်နိုင်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို ကြားကာလအစိုးရ၊ ပညာရေးအစုအဖွဲ့တွေ နဲ့ ဖက်ဒရယ်ပညာရေးကောင်စီတို့က စုပေါင်း ဖော်ဆောင်နေကြပါတယ်။

IEC ပညာရေးဌာန၊ ကရင်နီပြည် အဆင့်မြင့် ပညာရေးကောင်စီ နဲ့ သက်ဆိုင်ရာ ပညာရေးအစုအဖွဲ့တွေကလည်း နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း မော်မိမာက ပြောသွားပေမယ့် အသေးစိတ်တော့ မပြောပါဘူး။

လက်ရှိ ကရင်နီမှာ အခြေခံပညာကျောင်း၊ အဆင့်မြင့်ပညာရေးအပြင် alternative ကျောင်းတွေ တနည်းအားဖြင့် အစိုးရပြင်ပ စွမ်းတင်မြှင့်တင်ရေးဆိုင်ရာကျောင်း တွေရှိပါတယ်။

အဆိုပါကျောင်းတွေကနေတဆင့် နိုင်ငံတကာကျောင်းဝင်ခွင့်ရ ကျောင်းသားတွေလည်း ရှိနေတာကြောင့် လက်ရှိ ကျောင်းသားတွေမှာ လိုအပ်တဲ့အရည်အသွေးတွေ ရှိလာဖို့ အားလုံး အတူတကွ ဆက်လက်မြင့်တင်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း မော်မိမာက ပြောပါတယ်။

စနစ်ကိုဖော်ဆောင်နေတဲ့အလျောက် ကျောင်းသားတွေကို လက်တွေ့မှာ အသုံးဝင်မယ့် သက်မွေးပညာ ဘာသာရပ်တွေ ပိုမိုသင်ယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေသလို သက်မွေးပညာသင်ကြားပေးနေတဲ့ သင်တန်းကျောင်းတွေကိုလည်း အသိမှတ်ပြု အားပေးနေတယ်လို့လည်း IEC ပညာရေး ဌာနက ဌာန ၃ နှစ်ပြည့် ညီလာခံမှာ ပြောကြားသွားပါတယ်။

တဆက်တည်းမှာပဲ ၁၈ နှစ် အထက်ရှိပြီး အခြေခံပညာကို ပြီးဆုံးအောင် မသင်ယူခဲ့ရတဲ့ သူတွေအတွက် အခြေခံပညာ အရည်အချင်းနဲ့ ညီမျှတဲ့ အသိအမှတ်ပြုမှု လက်မှတ်ပြန်ရရှိနိုင်ရေးအတွက် အရှိန်မြင့် ပညာရေးအစီအစဥ်တစ်ခုကို လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း မော်မိမာက ကန္တာရဝတီတိုင်း(မ်) နဲ့ သီးသန့် အင်တာဗျူးမှာ ဖြေကြာထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ