ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုအရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်) မှာရှိတဲ့ သော်ဒူခူစစ်ဘေးရှောင်စာသင်ကျောင်းမှာ ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းနေအရွယ်ကလေးတွေ တကျောင်းလုံးနီးပါး ယားနာဖြစ်ပွားနေတယ်လို့ ကျောင်းတာဝန်ခံဆရာမတဦးထံကနေ သိရပါတယ်။
“မဖြစ်တာကတော့ တယောက်၊ နှစ်ယောက်လောက်ပဲ ကျန်တယ်။ ဆရာ၊ ဆရာမတွေလည်း ဖြစ်ကြတယ်။ တယောက်၊ နှစ်ယောက်ပဲ ကျန်တယ်။ တကိုယ်ရည်သန့်ရှင်းရေး တော်တော်တော့ ဂရုစိုက်ရတယ်။ သိပ်ပြီး ဂရုမစိုက်နိုင်တဲ့ကလေးတွေကျတော့ နည်းနည်းပိုပြီး အနာ၊ အပြည်တွေ ထွက်လာတယ်။ ဂရုစိုက်တဲ့သူကျတော့ နည်းနည်းသက်သာတယ်” လို့ ကျောင်းတာဝန်ခံဆရာမတဦးက ပြောပါတယ်။
တကိုယ်ရည်သန့်ရှင်းရေး အားနည်းတဲ့ကလေးတွေမှာ ယားနာပိုဖြစ်ပွားနေပြီး အခုလို ယားနာဖြစ်ပွားတာဟာ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရတဲ့အရာဖြစ်တယ်လို့ ဆိုပါတယ်။ ယားနာဖြစ်ပွားသူတွေဟာ လက်ရှိအချိန်အထိ အမြစ်ပြတ် သက်သာပျောက်ကင်းခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
လက်ချောင်းနဲ့ ခြေချောင်းကြားတွေမှာ အဖြစ်များပြီး ပြင်းထန်တဲ့ယားနာ ဖြစ်ပွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ တချို့ကလေးတွေမှာတော့ ခြေထောက်မှာ ယားနာဖြစ်ပွားတာကြောင့် လမ်းကောင်းမွန်စွာ မလျှောက်နိုင်ဘူးလို့ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်စခန်းမှာ ကျန်းမာရေးဆေးပေးခန်း မဖွင့်လှစ်နိုင်သေးတာကြောင့် တလတကြိမ် လာရောက်ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အားကိုးနေရတယ်လို့ ဆိုပါတယ်။
သော်ဒူခူစစ်ရှောင်စာသင်ကျောင်းမှာ KG တန်းကနေ Grade-5 အထိ ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀ နီးပါး ရှိပါတယ်။







