spot_img
25.8 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသား ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာ

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသား ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာ

-

ကန္တာရဝတီတိုင်း (မ်)

ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) ၊ ညနေပိုင်း ၃နာရီအချိန်မှာ စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် ခမရ ၄၂၁ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁လသား ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိမှန်သေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“လက်နက်ကြီးလည်း ၁၀ လုံးထက်မနည်း ဆက်တိုက်ကျနေ‌တော့ စစ်ဘေးရှောင်တွေက ပုန်းခိုလို့မမှီဘူးပေါ့နော။ အဲ့ကြောင့် ပွဲချင်းပြီးသေဆုံးတာတော့ ၆ ယောက်ရှိတယ်။ ၃ ယောက်ကျတော့ ထိခိုက်ဒဏ်ရာရတယ်ပေါ့နော” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၁ လသားအရွယ် မိန်းကလေးငယ်တစ်ဦး ၊ ၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်အရွယ်မသိရသူ အမျိုးသမီးတစ်ဦး နဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး တို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာပါ။

ဒဏ်ရာရသူ ၃ ဦးကတော့ အသက် ၂၀ အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၄ အရွယ် အမျိုးသမီး တစ်ဦး နဲ့ အသက် ၁၂ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအားလုံးက ကျေးရွာခံ နဲ့ စစ်ရှောင်စခန်းတစ်ခုထဲမှာ နေထိုင်တဲ့သူတွေဖြစ်ပါတယ်။

မိုးဗြဲမြို့ ဒေသခံတစ်ဦးကတော့ တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

ယခု နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၁၀နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၂ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ