ကန္တာရဝတီတိုင်း(မ်)
မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီကျော် အချိန်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း တနေရာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ (၃) ကြိမ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“ဝုန်းကနဲ လာပြီး ကြဲချသွားတာ။ ဝဲတောင် မဝဲတော့ဘူးပေါ့။ လေယာဉ်လာတဲ့ချိန်မှာ ကျနော်တို့က အချိန်ယူလို့တောင် မမှီတော့ဘူး။ လာတာနဲ့တန်းလာချသွားတာ” လို့ ဒီးမော့ဆိုအနောက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးနောက် ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမရှိပဲ အရပ်သားတွေနေထိုင်ရာကို လေကြောင်းနဲ့ တိုက်ခိုက်လေ့ရှိတဲ့အပေါ် ဒီးမော့ဆိုအနောက်ခြမ်းက ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ လူထုအနေနဲ့ကတော့ ဘယ်လိုမှ အသက်အာမခံချက်မရှိတော့ဘူး။ ပြည်သူလုထုအတွက်က သူတို့လုပ်တဲ့ပုံစံကပေါ့။ တအားခံစားရတယ်ပေါ့။ ဒီလောက်ထိလူထုကို လုပ်ရတာလား။ စိတ်ခံစားရတာပေါ့။ ဒေါသလဲ နည်းနည်းထွက်လာတယ်။ အကုန်လုံးလူသားအချင်းချင်းပဲ။ ဘာလို့ စစ်မျက်နှာပြင်မဟုတ်ပဲနဲ့ စစ်ရှောင်လူထုတစ်ရပ် နေတဲ့နေရာမှာ လုပ်သွားသလဲဆိုတာက တော်တော်ကြီးကို ခံစားရတယ်ပေါ့” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှု အနီးအနားမှာ နေထိုင်တဲ့ လူထုတွေရဲ့ နေအိမ်နဲ့ ကားတချို့ လေယာဉ်စ ထိမှန်ခဲ့ပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။




