ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတနေရာမှာ အိမ်ထောင်စု ၁၀ စုခန့်ဟာ စားနပ်ရိက္ခာမဖူလုံမှု ပြဿနာ နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“အိမ်ထောင်စု ၁၀ စုလောက်တော့ ရိက္ခာက မဖူလုံတော့ဘူး။ လုံးဝ ပြတ်လပ်နေတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် တနှစ်စာအတွက် မဖူလုံဘူး။ အခုကတည်းက တချို့ အကူအညီတောင်းနေပြီဆိုတော့ ဒီလာမယ့် မိုးတတွင်းလုံးစာဆိုရင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” လို့ စစ်ရှောင်စခန်း ကော်မတီဝင်တဦးက ပြောပါတယ်။
ယခု ၂၀၂၆ ခုနှစ်အတွင်း အဆိုပါ စစ်ရှောင်စခန်းမှာ အလှူရှင်အဖွဲ့ တကြိမ်သာ ရောက်ရှိဖူးတယ်လို့ ပြောပါတယ်။
စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အလှူရှင်အဖွဲ့အစည်းတွေ ပိုလျော့နည်းလာတာကြောင့် အလှူရှင်တွေကို မှီခိုအားထားနေရတဲ့ စစ်ရှောင်တွေအတွက် ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
စားနပ်ရိက္ခာလိုအပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ရှောင်အိမ်ထောင်စုတွေမှာတော့ အရေးအပေါ် အကူအညီအတွက် အဖွဲ့အစည်းတွေထံ တဦးကို ဆန် ၂ ပြည်နှုန်းနဲ့သွားရောက် ထုတ်ယူနေရပါတယ်။
ကရင်နီပြည်က စစ်ရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေတာဖြစ်ပြီး လိုအပ်ချက်တွေ များပြားနေတာပါ။ အဆိုပါ စစ်ရှောင်စခန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကတည်းက စတင် တိမ်းရှောင်လာကြတာဖြစ်ပြီး အိမ်ခြေ ၅၀ ကျော်ရှိပါတယ်။






