ကန္တာရဝတီတိုင်း (မ်)
ရှမ်း – ကရင်နီနယ်စပ်က ကျေးရွာတရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကစပြီး စစ်အုပ်စုက လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရွာလုံးကျွတ် ထပ်မံ တိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
“ဒရုန်းတွေဝဲတယ် မွန်းလွှဲ (၁)နာရီချိန်။ ဒရုန်းလဲ ပစ်တယ် (၉)ချက်လောက်ရှိမယ်။ အမတို့ ပြေးပြီး အပြင် ရောက်တာနဲ့ နောက်မှာ အလုံးကြီး(လက်နက်ကြီး)ကျပြီ” လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရှမ်း – ကရင်နီနယ်စပ်မှာ စစ်အုပ်စု စစ်ကြောင်းထိုးတာမရှိပေမယ့် လက်နက်ကြီး ၊ ဒရုန်းနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုကြောင့် ၂ရက်အတွင်း အရပ်သား ၄ ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း ရှိခဲ့တာပါ။
လက်နက်ကြီးပစ်ခတ်သံကြားက အရေးပေါ် ထွက်ပြေးတိမ်းရှောင်ရတာကြောင့် ဆန် ၊ စပါး ၊ အိမ်မွေးတိရိစ္ဆာန် နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ကျန်ရစ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“အခက်ခဲတော့ လောဆယ် စားဝတ်နေရေး ခက်ခဲတာပေါ့။ အိမ်မှာ ဆန်ကော စပါးကော ကျန်ခဲ့တယ်” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ကျေးရွာကို မပြန်ကြသေးဖို့ ၊ ပစ္စည်းပြန်မယူကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသိပေးထားတယ်လို့ ဆိုပါတယ်။
ရွာလုံးကျွတ်တိမ်းရှောင်နေရတဲ့ အဆိုပါကျေးရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင် ၊ လူဦးရေ ၁၀၀၀ ကျော် ရှိပြီး လက်ရှိမှာ တကွဲတပြား စစ်ရှောင်နေရတယ်လို့ ပြောပါတယ်။ လုံခြုံရေးအခြေအနေအရ အနီးအနားက ကျေးရွာတချို့လည်း ဆန် ၊ စပါးနဲ့ အရေးကြီးတဲ့ပစ္စည်းတွေကို ရွေ့ပြောင်းနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။






