Homeသတင်းမော်ချီးမှာ ခဲစျေးထပ်ကျလို့ လုပ်ငန်းရှင်တွေ အခက်တွေ့

မော်ချီးမှာ ခဲစျေးထပ်ကျလို့ လုပ်ငန်းရှင်တွေ အခက်တွေ့

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့် ခဲကျင်းလုပ်ငန်းအတွက် အသုံးစရိတ်မမျှတော့ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အရည်အသွေးကောင်းတဲ့ ခဲက စျေးထက်ဝက်ကျပြီး ခဲမကောင်းရင် ဝယ်မယ့်သူ မရှိတော့တာကြောင့် ဒီတစ်ခေါက် ခဲစျေးကျတာက စံချိန်တင် စျေးကျတာလို့ပြောပါတယ်။ ဒါပေမယ့် ခဲစျေးထိုးကျရခြင်းအကြောင်းရင်းကိုတော့ မသိရဘူးလို့ ခဲကျင်းပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောပါတယ်။

“ ဟိုခေါက်ကတည်းက စျေးကျတဲ့ဟာကို သင်္ကြန်ပြီးရင် စျေးပြန်တက်မယ်လို့ကြားတာ။ ဒါပေမယ့် သင်္ကြန်ပြီးတော့ စျေးမတက်တဲ့အပြင် လုံးလုံးကို ထိုးဆင်းသွားတာ ဂိတ်ဆုံးထိကိုထိုးဆင်းသွားတာ ဘာမှလုပ်စားလို့မရတော့ဘူး။ အလုပ်သမားတွေအတွက်လည်း အစားအသောက်ခက်ခဲလာမယ်။ မငှားနိုင်‌တော့တဲ့ထိ ဖြစ်သွားမှာ။ ပြီးတော့ ခဲစျေးဆက်ကျရင် အလုပ်သမားတွေက အလုပ်မလုပ်ချင်တော့ဘူး။”လို့ ကျင်းပိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။

မော်ချီးဒေသမှာ ကုန်စျေးနှုန်းမြင့်တက်နေပြီး ကျင်းလုပ်သားတဦးအတွက် လုပ်အားခနဲ့ စားစရိတ်ကုန်ကျငွေ ရှစ်သောင်းဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခဲကျင်းလုပ်ငန်းမှာ လည်ပတ်အသုံးပြုရတဲ့ ဒီဇယ်တစ်ပီပါကို ၂၅ သိန်းကနေ ၂၇ သိန်းထိ ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျင်းအတွက် ကုန်ကျတဲ့အသုံးစရိတ်က ခဲစျေးနဲ့ မကိုက်တော့တာကြောင့် လတ်တလော ခဲကျင်းရပ်နားထားတာ ၊ ခဲအရောင်းနားထားတယ်လို့လည်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ခဲရောင်းရာကနေ ရရှိလာတဲ့ ငွေနဲ့ လုပ်ငန်းကို လည်ပတ်ရတာကြောင့် ခဲဈေးမကောင်းတာက အခက်ကြုံတယ်လို့ ဆိုပါတယ်။ မော်ချီးဒေသက ခဲသတ္တုတွင်းလုပ်ငန်းကို ကျင်းပိုင်ရှင်တွေ ၊ လုပ်သားတွေ ၊ ဒေသခံတွေ ၊ ခဲအရောင်းအဝယ်သမားတွေက အသက်မွေးဝမ်းကြောင်းပြုနေကြတာပါ။

ယခင်က အရည်အသွေးကောင်းတဲ့ ခဲတစ်ပိဿာကို သုံးသိန်းထိ ရပေမယ့် ဖေဖော်ဝါရီလကစပြီး ၂သိန်းဝန်းကျင်၊ တစ်သိန်းရှစ်သောင်း ၊ တစ်သိန်းခွဲအထိ ကျသွားတယ်လို့ ပြောပါတယ်။

“ ဝိတ် 55 ဆို ရှစ်သောင်း၊ ကိုးသောင်း အဲ့ဒါ ဝိတ်အနည်းဆုံးပေါ့။ ဝိတ်70 ၊ 71 ၊ 72 ကတော့ နှစ်သိန်းဝန်းကျင်ထိပဲ အများဆုံးပဲရတော့တယ်။ ခဲ လှ ၊ မလှက ဝိတ်နဲ့ပဲ ချိန်ကျတယ် အဲ့မှာဈေးကွာတာပေါ့၊ အခုက ဈေးထပ်ကျတော့ ခဲဝိတ်အနည်းဆုံးက ၅သောင်းလောက်ပဲရတာလည်းရှိတယ်။” လို့ မော်ချီးဒေသခံတဦးက ပြောပါတယ်။

မော်ချီးဒေသမှာ ပုံမှန်အားဖြင့် လမ်းကြောင်းကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ခဲစျေး အတက်အကျ အပြောင်းအလဲရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ