spot_img
Homeသတင်းစစ်ဘေးရှောင်တွေ မွေးမြူထားတဲ့ ကြက်တွေအနာကျပြီး သေဆုံးမှုများနေ

စစ်ဘေးရှောင်တွေ မွေးမြူထားတဲ့ ကြက်တွေအနာကျပြီး သေဆုံးမှုများနေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ တပိုင်တနိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျပြီး သေဆုံးမှုများနေတယ်လို့ သိရပါတယ်။

ကြက်နာကျတာက ပြီးခဲ့တဲ့ မတ်လကတည်းက ဖြစ်ပေမယ့် ယခုရက်ပိုင်း မိုးရွာသွန်းပြီးနောက် ကြက်နာကျပြီး သေဆုံးမှုတွေ ပိုများလာတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“အခု ဒီမိုးရွာပြီးတော့ ကျမကြက်တွေဆို အနာကျတာပေါ့နော။ ဒီနေ့ မနက်ပဲ အိပ်ယာထတော့ ၅ ကောင်လောက်ပြုတ်ကျသေနေတယ် ဘယ်ကတည်းက ပြုတ်ကျသေလဲတော့ မသိဘူး။ ကြက်မသေအောင် ကြက်စာကို ဆေးနဲ့ ရောကျွေးတယ် ဒါပေမယ့် မထူးဘူး၊ နည်းလမ်းမမှန်လို့လား မသိဘူး သေတာပဲ။” လို့ သူက ပြောပါတယ်။

အခုလို ကြက်နာကျပြီး သေဆုံးတာကိို ကာကွယ်တဲ့နည်းစနစ်မသိရှိတာကလည်း သေဆုံးမှု ပိုများစေတယ်လို့ ဆိုပါတယ်။

“ကြက်နာကျတာ ဘာဆေးတိုက်ရမှန်းမသိဘူးလေး။ အစာနဲ့ ရောကျွေးလိုက်တာ ကိုယ့်ဟာကို မှန်းတန်းပြီးတော့ ရောကျွေးတာပေါ့၊ နည်းလမ်းမသိတော့ အဆင်မပြေဘူးပေါ့”လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတဦးက ဆက်ပြောပါတယ်။

ဒေသခံနဲ့ စစ်ဘေးရှောင်တွေဟာ ကြက်ကို စီးပွားဖြစ်မွေးမြူတာမဟုတ်ဘဲ အများအားဖြင့် ကလေးတွေ အသားဓာတ်ရရှိဖို့ ၊ ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းကာလမှာ အသုံးပြုဖို့၊ ရိုးရာပွဲတော်အတွက် ကြက်ရိုးထိုးဖို့၊ ကြက်ရောင်းရာကနေ ရရှိလာတဲ့ဝင်ငွေနဲ့ ဆန် ၊ အခြေခံစားသောက်ကုန်တွေကို ပြန်လည်ဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး ကြက်တွေကို တပိုင်တနိုင်မွေးမြူထားကြတာပါ။ ကြက်နာကျပြီး သေဆုံးမှုများတာက အခက်အခဲနဲ့ကြုံစေတယ်လို့ ပြောပါတယ်။

လတ်တလော ကြက်သေဆုံးတဲ့ အကောင်ရေ ဆယ်ဂဏန်းရှိနေပြီး တချို့အိမ်တွေမှာ မွေးမြူထားတဲ့ကြက်အားလုံး သေဆုံးခဲ့သလို တချို့ကတော့ ကြက်နာကျမှု ရှိနေဆဲဖြစ်တာကြောင့် သေဆုံးတဲ့ အရေအတွက်ကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“တကောင်ပြီးတကောင်သေတာ မြုပ်ပြီးတော့။ နေ့ခင်းဘက်မှာတော့ ကောင်းနေတာပဲ မနက်ထကြည့်မှပဲ ပျောက်နေပါလားဆို အနာကျနေတာ”လို့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုအနောက်ခြမ်းမှာ အိမ်ကြက် တစ်ပိဿာဈေး အနည်းဆုံး ကျပ်သုံးသောင်းအထိ ပေါက်ဈေးရှိပါတယ်။ ဒီးမော့ဆိုမြို့နယ်အပြင် ဖရူဆိုမြို့နယ်မှာလည်း ကြက်နာမှုတွေ ရှိနေတာကြောင့် ကြိုတင်ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက တောင်းဆိုထားကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ