ကန္တာရဝတီတိုင်း(မ်)
နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာ၊ ရပ်ကွက်တချို့မှာ နေအိမ်မီးလောင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ကျန်ရစ်တဲ့ နေအိမ်တွေ မီးလောင်ကူးစက်မှုရှိမှာကို စစ်ဘေးရှောင်တွေဟာ စိုးရိမ်ပူပန်နေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်းက ဒေါစဲကျေးရွာဖက်မှာ ခြံရှင်းရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တခြားရပ်ကွက်တွေထိ ကူးစက်မီးလောင်ခဲ့တာကြောင့် နာနတ်တောရပ်ကွက်က နေအိမ် ( ၄၀ ) ဝန်းကျင်နဲ့ ထေးပလော်ခူကျေးရွာက နေအိမ် ၄ လုံး ဆုံးရှုံးမှုရှိခဲ့ပါတယ်။
တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ မိမိတို့ရဲ့နေအိမ်ကို တောမီးကြောင့်ဖြစ်စေ ၊ မီးလောင်ကူးစက်မှုကြောင့်ဖြစ်စေ စိုးရိမ်မှုရှိတယ်လို့ ဒေါစဲကျေးရွာခံတဦးက ပြောပါတယ်။
“စိုးရိမ်ပူပန်မှုလို့ ပြောလို့ရှိရင် အများကြီးစိုးရိမ်ရတယ်။ ပြန်ရင်လည်း တစ်မျိုးစိုးရိမ်ရသလို မပြန်ဘူးပြောပြန်တော့လည်း ကျမတို့ရေရှည် ဘာစားသောက်ရမလဲ။ ပြီးလို့ရှိရင် ကျန်ခဲ့တဲ့ မီးဖိုချောင်ပဲဖြစ်ဖြစ် ကျန်ခဲ့တဲ့ ပစ္စည်းနည်းနည်းပါးပါးကစ ပေါ့နော။ အဲ့တော့ထပ်လောင်သွားမှာ မဟုတ်လို့ရှိရင်လည်း လူများလာယူသွားမှာဆိုတဲ့ စိတ်မျိုးနဲ့ဖြစ်ဖြစ်ပေါ့နော်။ အများကြီး စိုးရိမ်မှုတွေကလည်း ရှိတယ်ပေါ့နော။”လို့ သူက ဆိုပါတယ်။
ဒေါစဲကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်နေရစဉ်အတောအတွင်း ပျဉ်ထောင်အိမ်အများစု ဖျက်ဆီးခံရတာ ၊ မီးလောင်ခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
နေအိမ် မီးလောင်ခဲ့တဲ့ ထေးပလော်ခူကျေးရွာက ဒေသခံတဦးကလည်း “အကယ်၍ သန့်ရှင်းရေးပြန်မလုပ်နိုင်ဘူးဆိုပြန်တော့လည်း ကျန်ခဲ့တဲ့မီးဖိုချောင်က ထပ်ပြီးတော့ လောင်သွားမှာလည်း စိုးရိမ်ပြန်တယ်။ လက်ရှိကလည်း မီးထဲထပ်ပြီးတော့ ပါသွားမှာကိုလည်း စိုးရိမ်ရတယ်ပေါ့နော။ ကျမတို့မှာက ဒီလိုအိမ်တစ်လုံး မီးဖိုချောင်တစ်လုံး ရရှိဖို့ဆိုရင် မနည်းရုန်းကန်နေရတဲ့ ဟာမျိုးတွေလည်း ဖြစ်တယ်ပေါ့နော။”လို့ ပြောပါတယ်။
ဧပြီ ၂၁ရက်နေ့က မီးလောင်တာကို မီးသတ်ကား ၅ စီးနဲ့ မီးငြိမ်းခဲ့ပေမယ့် နေအီမ်အများအပြား ကူးစက်လောင်ကျွမ်းခဲ့တာပါ။ နေအိမ်ခြံဝန်းသန့်ရှင်းရေးမလုပ်နိုင်တာကြောင့် သစ်ရွက်၊ မြက်ခြောက်တွေကနေ ပိုမို ကူးစက်လောင်ကျွမ်းခဲ့သလို တိုက်ပွဲဖြစ်ပွားဖူးတဲ့နေရာဖြစ်တာကြောင့်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်တဲ့အတွက် သွားရောက်မီးငြိမ်းဖို့ အခက်ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ အိမ်ကတော့ ရှိသေးတယ်လို့ သိရတယ်။ ဒီတိုင်းထားရင် မီးလောင်ကုန်တာ ၊ ပျက်စီးသွားမှာတော့ နှမြောမိတာပဲလေ။ အီမ်က ကောင်းကောင်းဆိုးဆိုးပေါ့ မီးထဲပါတာထက်စာရင် ပြန်မနေရလည်း ဒီတိုင်းရှိပေးပြီး သန့်ရှင်းရေးလုပ်ပြီး နေချင်တဲ့သူရှိလည်း နေရအောင်ပေါ့။ သန့်ရှင်းရေးပြန်မလုပ်နိုင်တဲ့ ရပ်ကွက်အိမ်တွေကတော့ ပိုစိုးရိမ်စရာမှာဖြစ်မှာပေါ့။” လို့ နေအိမ်မီးလောက်ကူးစက်မှုများခဲ့တဲ့ နာနတ်တောရပ်ကွက်က ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဆိုပါ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေဖက်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက ၁ လေးလုံး စစ်ဆင်ရေးကာလမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြပြီး လက်ရှိမှာတော့ ဒေသခံအချို့ ပြန်လာနေထိုင်ကြပါတယ်။






