spot_img
Homeသတင်းဒီမော့ဆိုအနောက်ဖက်ခြမ်းတစ်နေရာမှာ ပျောက်ဆုံးနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးကို သေဆုံးလျက်ပြန်တွေ့

ဒီမော့ဆိုအနောက်ဖက်ခြမ်းတစ်နေရာမှာ ပျောက်ဆုံးနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးကို သေဆုံးလျက်ပြန်တွေ့

-

ကန္တာရဝတီတိုင်း(မ်)

မနေ့က မေလ ၄ ရက်နေ့မှာ ဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက စစ်ရှောင်အမျိုးသားတစ်ဦးဟာ ပျောက်ဆုံးနေပြီး လိုက်လံရှာဖွေရာမှ ဒီကနေ့ မေလ ၅ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ တောင်ခြေရင်း တစ်နေရာမှာ သေဆုံးလျက်ရှိနေတဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ပျောက်ဆုံးနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးဟာ အသက် ၆၀ ကျော်အရွယ်ရှိပြီး ဟင်းရှာထွက်ရာမှ တစ်ညလုံး ပျောက်ဆုံးနေခဲ့ကာ လိုက်လံရှာဖွေရာမှ သေဆုံးနေတဲ့ ရုပ်အလောင်းသာ တွေ့ရှိခဲ့ရတယ်လို့ ရှာဖွေတွေ့ရှိသူ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“မိသားစုအတွက် စွယ်တော်ရွက်သွားရှာပေးမယ်ပြောရင်းနဲ့ ထွက်သွားတာ မနေ့ည( မေလ ၄ ရက်နေ့ ) ညနေပိုင်း ၁ နာရီကနေ စသွားတာ ညမိုးချုပ်ထိပြန်မလာဘူး။ အဲ့ဒါနဲ့ ကျနော်တို့ ညမိုးချုပ် ၈ နာရီကနေစ ၁ နာရီထိ ကျနော်တို့ ရှာတယ် မတွေ့ဘူး။ မတွေ့တော့ ကျနော်တို့ ဒီမနက် လူစုတယ်။ ရွာသားတချို့ရယ်၊ စစ်ရှောင်တချို့ရယ် လူခွဲပြီး ရှာတယ်။ ကျနော်တို့ မနက် ၁၀ နာရီမှာ တောင်ရဲ့ခြေရင်းမှာ သွားတွေ့တယ်။ ဦးလေးရဲ့ အလောင်းကိုပေါ့နော်။” လို့ ရှာဖွေတွေ့ရှိသူဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်အမျိုးသားတစ်ဦးက မကြာခဏ ရင်ဘတ်အောင့်လေ့ရှိတယ်လို့ သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ တစ်ဦးက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းကဆို သူလာပြောပြသေးတယ်။ သူ့ရင်ဘတ်တဖက်ကလေ အမြဲအောင့်တယ်။ အဲ့နေ့က သူလာပြောတယ်။ တအားအောင့်တယ်တဲ့။ အသက်ရှုလို့အဆင်မပြေဘူး။ အသက်ရှုလို့မရဘူးလို့ သူအဲ့လိုမျိုးပြောတယ်။” လို့ အိမ်နီးချင်းဖြစ်သူက ဆိုပါတယ်။

သေဆုံးသူအမျိုးသားတစ်ဦးဟာ နန်းမယ်ခုံမြို့နယ်ကနေ စစ်ရှောင်နေတာဖြစ်ပြီး သားသမီး ၇ ယောက်နဲ့ ဇနီးဖြစ်သူ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ