ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း ပြည်သူ့ နေအိမ် ၈ လုံးပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။
အဆိုပါ လူထုနေအိမ် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ KnHRG ရဲ့တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“ဖရူဆိုမှာ လက်နက်ကြီးကြောင့်မို့ အိမ်ပျက်တဲ့ဟာရှိမယ်။ ကျောင်းဆောင် ပျက်တဲ့ဟာလည်းရှိမယ်။ ပြီးတော့ ဒေါကူးခူမှာ ဒရုန်းဗုံးကြောင့်မို့ အိမ် ၂ လုံးပျက်တာရှိတယ်။ ကျန်တာတော့ နန်းမယ်ခုံကဟာပေါ့နော်။ “လို့ KnHRG ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကော်မရှင် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးမှု ရှိခဲ့တာပါ။
ထိခိုက်မှုပျက်စီးခဲ့တဲ့ နေအိမ် ၈ လုံးထဲမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ၆ လုံးနဲ့ လက်နက်ကြီးကြောင့် ၂ လုံးပါဝင်ပါတယ်။
ဒါ့အပြင် ဒရုန်းကြောင့် စာသင်ကျောင်း ၁ လုံး နဲ့ တိရစ္ဆာန်ထိခိုက်မှုအပြင် လက်နက်ကြီးကြောင့် လယ်ယာမြေတချို့ပါ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒီကနေ့ မေလ ၅ ရက်နေ့မှာ KnHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။






