ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဧပြီလ တစ်လအတွင်း အမျိုးသမီး (၄၄) ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) ရဲ့ စာရင်းအရ သိရပါတယ်။
အဆိုပါ သေဆုံးသူအမျိုးသမီးတွေဟာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေထဲက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၃၆) ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် (၄) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၂) ဦးနဲ့ ကျည်ထိမှန်မှုကြောင့် (၂) ဦး စတဲ့ ဖြစ်စဥ်တွေကြောင့် စုစုပေါင်း ၄၄ ဦးသေဆုံးခဲ့တာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနဲ့ ၁၈ နှစ်အောက် မိန်းကလေး တစ်ဦး ပါဝင်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄၅) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၆) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၄)ဦး နဲ့ ကျည်ထိမှန်မှုကြောင့် (၁) ဦး စုစုပေါင်း ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရှိသူတွေထဲမှာ မသန်စွမ်းအမျိုးသမီး ၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးတွေရဲ့ နေရာဒေသဟာ ကရင်နီပြည်က ၂ ဦးအပါ အဝင် မန္တလေးတိုင်းမှာ ၁၁ ဦး၊ စစ်ကိုင်းတိုင်းမှာ ၈ ဦး ၊ ကရင်ပြည်နယ်မှာ ၆ ဦး၊ ပဲခူးတိုင်းမှာ ၄ ဦး၊ ရခိုင်ပြည်မှာ ၄ ဦး၊ ကချင်ပြည်မှာ ၃ ဦး၊ ချင်းပြည်မှာ ၃ ဦး၊ မကွေးတိုင်းမှာ ၂ ဦး နဲ့ တနင်္သာရီတိုင်းမှာ ၁ ဦး စတဲ့ နေရာဒေသ အသီးသီးက ဖြစ်ပါတယ်။
ကရင်နီပြည်က အမျိုးသမီး ၂ ဦးကတော့ ၁ ဦးဟာ ဧပြီလ ၂ ရက်နေ့က ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ်အမျိုးသမီး တစ်ဦး နဲ့ ဧပြီလ ၂၅ ရက်နေ့က ဒီးမော့ဆိုမြိုနယ် ဆင်တောင်ကျေးရွာကို လက်နက်ကြီးနဲ့ အသေခံဒရုန်း တိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ရဲ့ အသေးစိတ် စာရင်းအရ သိရှိရပါတယ်။





