ကန္တာရဝတီတိုင်း (မ်)
ထိုင်းမှာ အလုပ်လုပ်ကိုင်ခွင့်ကဒ် တနည်းအားဖြင့် Work ပါမစ်ကဒ်ရှိရင်တောင်မှ နိုင်ငံခြားသားတွေ လုံးဝလုပ်လို့မရတဲ့ အလုပ် ၁၀ မျိုးကို ထိုင်းအစိုးရက ထုတ်ပြန်ထားတယ်လို့ The Nation မီဒီယာမှာ ဇွန်လ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။
လက်ရှိ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်ရှင်နဲ့ ရွေ့ပြောင်းအလုပ်သမားတွေအများစုက ပတ်စ်ပို့နဲ့ ဝပ်ပါမစ် ကဒ်ရှိနေရင် ထိုင်းနိုင်ငံအတွင်း ဘယ်လုပ်ငန်းကိုမဆို ရွေးချယ်လုပ်ကိုင်နိုင်တယ်ဆိုတဲ့ အယူအဆ အမှားအယွင်းတွေ ရှိနေကြတယ်လို့လည်း ထိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တားမြစ်ထားတဲ့ အလုပ်အကိုင် ၁၀ မျိုးက မော်တော်ယာဥ်မောင်းလုပ်ငန်း၊ ဥပဒေရေးရာဝန်ဆောင်မှု လုပ်ငန်းတွေ၊ လမ်းဘေးလှည့်လည်ဈေးရောင်းခြင်း နဲ့ ထီလက်မှတ် ရောင်းချတာ၊ ပွဲစား ဒါမှမဟုတ် အကျိုးဆောင်လုပ်ငန်း ၊ အလှအပရေးရာ ဝန်ဆောင်မှုပေးခြင်းနဲ့ ထိုင်းရိုးရာအနှိပ်နှင့်(Spa) ဝန်ဆောင်မှုလုပ်ငန်း၊ ဧည့်လမ်းညွှန် (Tour Guide) လုပ်ငန်း၊ လက်ရက်ကန်းလုပ်ငန်း၊ ရိုးရာလက်မှုပညာလုပ်ငန်းနဲ့ လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းတို့ ပါဝင်ပါတယ်။
အထက်ပါ လုပ်ငန်း ၁၀ မျိုးကို ဥပဒေအရ ပြင်းပြင်းထန်ထန် တားမြစ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တားမြစ်ထားတဲ့ လုပ်ငန်းတွေကို အဓိကလုပ်ကိုင်တာဖြစ်စေ၊ အချိန်ပိုင်းအနေနဲ့ လုပ်ကိုင်တာဖြစ်စေ တွေ့ရှိမယ်ဆိုရင် ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေ ဘတ် ၅၀,၀၀၀ အထိ နဲ့ နေရပ်ကို ပြန်လည်နှင်ထုတ်ခံရမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ဝပ်ပါမစ်ကဒ် အသစ်ပြုလုပ်ခွင့်ကို ၂ နှစ်အထိ ပိတ်ပင်ခံရမယ်လို့လည်း ပြောပါတယ်။
တားမြစ်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးတဲ့ အလုပ်ရှင်တွေကိုလည်း ဒဏ်ငွေ ဘတ် ၁၀,၀၀၀ (တစ်သောင်း) ကနေ ဘတ် ၁၀၀,၀၀၀ ( တစ်သိန်း) အထိ ပေးဆောင်ရမှာဖြစ်ပြီး နိုင်ငံခြားလုပ်သား အလုပ်ခန့်ခွင့် ၃ နှစ် ပိတ်ပင်ခံရမယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ဥပဒေအရ အရေးယူမခံရအောင် အလုပ်သမားတွေက မိမိကိုင်ဆောင်ထားတဲ့ ဝပ်ပါမစ်ကဒ်ပါ အချက်အလက်တွေနဲ့ တစ်ကယ်တမ်း လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို သေချာတိုက်စစ်ပြီး လုပ်ကိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။





