spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ငှက်ဖျားရောဂါ အဖြစ်များနေ

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ငှက်ဖျားရောဂါ အဖြစ်များနေ

-

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ သိရပါတယ်။
တဦးကနေ တဦး ကူးစက်ရာကနေ တမိသားစုလုံး ဖြစ်ပွားတဲ့အထိ ငှက်ဖျားရောဂါ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်စခန်းတနေရာမှာ ဆေးကုသမှုပေးတဲ့ တာဝန်ခံအမျိုးသမီးတဦးက အခုလို ပြောပါတယ်။
“တအိမ်ထောင်မှာ တယောက်က ငှက်ဖျားပေါ်လိုက်ပြီဆိုရင် နောက်တယောက်ကို ထပ်ကူးတယ်။ အဲ့လိုဖြစ်တယ်။ အရင်လိုမျိုးဆိုရင် အဲ့လောက်တော့ မဟုတ်ဘူး။ အခု ဒီလပိုင်းတွေမှာတော့ ဥပမာ သူ့သားလား ဒါမှမဟုတ် သူ့အမေလား ။ သူ့အမေပေါ်ပြီဆိုရင် နောက်တရက် သူ့အမေ ဆိုရင် ဆေး ၃ ရက်လောက်သောက်တာနဲ့ နောက်တယောက်က ထပ်ပေါ်ပြန်ပြီ။ တယောက်ပြီး တယောက်ပေါ်တယ်။ တချို့ဆိုရင် တအိမ်ထောင်လုံးပေါ်တဲ့ မိသားစုလည်း ရှိတယ်”လို့ အဆိုပါ တာဝန်ခံအမျိုးသမီးက ပြောပါတယ်။
အခုလို ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားနေတာ ၃လဝန်းကျင်ရှိနေပြီလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေထက် ယခုနှစ် ငှက်ဖျားဖြစ်ပွားတဲ့ လူနာအရေအတွက်က ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
ငှက်ဖျားရောဂါကြောင့် ဆေးခန်းတနေရာမှာ လာရောက်ကုသမှု ခံယူတဲ့ စစ်ရှောင်အမျိုးသမီးတဦးက သူ့ရဲ့ကျန်းမာရေးအခြေအနေကို အခုလို ပြောပါတယ်။
“ကျမ စစဖြစ်တုန်းက ဆိုရင် လမ်းတောင် မလျှောက်နိုင်ဘူး။ ခေါင်းတွေလည်း အရမ်းမူးနေတယ်။ အသက်ကလည်း ကြီးပြီကော။ အခု ဆေးကုသမှု ခံယူနေတာ ၁ ပတ် နီးပါးလောက်တော့ ရှိပြီ”လို့ သူက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းအပြင် တခြား နေရာဒေသတွေမှာလည်း ယခုနှစ် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များနေပြီး ဆေးဝါး ၊ ခြင်ထောင် လိုအပ်နေကြတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေက ပြောဆိုထားပါတယ်။ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ ကရင်နီပြည်က မြို့နယ်တချို့မှာ ဆေးဝါး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအတွက် အခက်အခဲ၊ စိန်ခေါ်မှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ကရင်နီပြည်၊ ဒီးမောဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာတော့ စစ်ရှောင် အိမ်ခြေ ၂၅၀၀ ကျော် ရှိပြီး လူဦးရေ ၁ သောင်း ဝန်းကျင် ရှိနေပါတယ်။
spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ