ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ကြိုတင်ကာကွယ်ရေးအတွက် ခြင်ထောင်မလုံလောက်မှုတွေကြောင့် လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။
ခြင်မကိုက်စေရန်အတွက် တချို့မိသားစုက ခြင်ထောင်အဟောင်းကို ပြန်လည်ပြုပြင်ပြီး အသုံးပြုနေကြသလို ခြင်ထောင် လုံးဝမရှိတဲ့ မိသားစုတွေလည်း ရှိတယ်လို့ ကျန်းမာရေးတာဝန်ခံဆရာမတဦးက ပြောပါတယ်။
“၂၀၂၄ ခုနှစ်မှာတော့ ငှက်ဖျား ဖြစ်ဖူးတယ်။ အဲ့ချိန်က ခြင်ထောင်တော့ ရှိတယ်။ ဒါပေမယ့် ဟိုပြေး ဒီပြေးနဲ့ ခြင်ထောင်မထောင်တာတို့ သူတို့က လက်နက်ကြီး တို့ တိုက်လေယာဉ်တို့ လာတဲ့ချိန်ဆို ထွက်ပြေးဖို့ ခက်တယ်။ ခြင်ထောင် ထောင်အိပ်ရင် ကြာတယ်။ အဲ့ဒါကြောင့်မလို့ တချို့တွေက ခြင်ထောင်မထောင်ကြဘူး။ ဒီတိုင်းပဲ အိပ်ကြတော့ ပိုများတယ်။ ၂၀၂၄ မှာက။ ဒါပေမယ့် ဒီနှစ်မှာတော့ ခြင်ထောင် မရှိတာက ပိုများတယ်။ သူတို့ကို ခြင်ထောင်တွေ လာဝေတာလည်း မရှိတော့ဘူး။လာဝေပေးတာက ၂၀၂၃၊ ၂၀၂၄ လောက်မှာ ကတည်းက။ အခုက ရှိတော့ ရှိတယ်။ တချို့ကြတော့ပြန်ချုပ်ပြီး ထောင်တာလည်း ။ တချို့ကြတော့လည်း လုံးဝ မရှိတဲ့အိမ်တွေလည်း ရှိတယ်” လို့ ကျန်းမာရေးတာဝန်ခံဆရာမတဦးက ပြောပါတယ်။
ဒီနှစ်အတွင်း ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ဖို့ လိုအပ်တဲ့ ခြင်ထောင်ကို လာရောက် လှူဒါန်းတဲ့အသင်းအဖွဲ့တွေ မရှိသေးဘူးလို့ ဆိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့်လည်း သယ်ယူဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရှောင်စခန်းအများစုဟာ တောတောင်အနီးအနားမှာ နေထိုင်ကြတာဖြစ်လို့ ခြင်ကိုက်ခံရမှုက ပိုများတယ်လို့ ပြောပါတယ်။ တဖက်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသလို လိုအပ်တဲ့ခြင်ထောင်ကို မဝယ်ယူနိုင်တဲ့ စစ်ရှောင်တွေများတယ်လို့ ဆိုပါတယ်။
“ပြီးခဲ့ နှစ်တွေမှာတော့ ခြင်ထောင် ပုံမှန် လိုလို လာရောက်ပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မတွေ့ရသေး။ အခုက မိုးရာသီ ဖြစ်သလို တောတောင်တွေ ထဲမှာ နေနေရတော့ ခြင်တွေ က အရမ်းပေါတယ်”လို့ စစ်ရှောင်တဦးက ပြောပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ဖို့ ခြင်ထောင်တခုတည်းမဟုတ်ဘဲ ပတ်ဝန်းကျင်သန့်ရှင်းဖို့ ၊ ခြံနွယ်တွေရှင်းလင်းဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဆရာမတွေက တိုက်တွန်းထားပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ တသောင်း ဝန်းကျင်ရှိပြီး နေရာတိုင်းနီးပါးမှာ အနည်းနဲ့အများ ငှက်ဖျားရောဂါ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းတခုမှာတော့ နေ့စဉ် ဆေးခန်းလာရောက်ပြသသူ ၃၀ ဦးဝန်းကျင်ရှိပြီး အဲ့ဒီထဲ ၁၀ ဦးဝန်းကျင်မှာ ငှက်ဖျားဖြစ်ပွားနေတယ်လို့ ပြောပါတယ်။






