ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစလို့ မြို့နယ်အသီးသီးမှာ အသေးစားလုပ်ငန်းတွေအတွက် ရင်းနှီးမတည်ငွေ စတင်ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာ လုပ်ငန်းတွေ ကောင်းမွန်စွာ လည်ပတ်နေပြီလို့ IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနက ပြောပါတယ်။
မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝါးလက်မှုလုပ်ငန်း၊ ထင်းအစားထိုး စပါးခွံလောင်စာတောင့်လုပ်ငန်း၊ တိရိစ္ဆာန်အစာခြောက်ထုတ်လုပ်တဲ့ လုပ်ငန်း၊ ပန်းပဲ၊ ဂျက်ခုတ်၊၊ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းတွေအတွက် ရင်းနှီးမတည်ငွေ ထောက်ပံ့ပေးထားတာ ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဌာနခွဲက တာဝန်ရှိသူ အမျိုးသမီးတဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
“လုပ်ငန်းမတည်ငွေက တဦးနဲ့တဦး မတူပါဘူးရှင့်။ လည်ပတ်နေတာက ရပ်သွားတဲ့လုပ်ငန်းမရှိသေးတာပါ။ ရရှိတဲ့အမြတ်ငွေနဲ့ လုပ်ငန်းတိုးချဲ့တာတွေ အရင်းထပ်ရင်းတာတွေ လုပ်ထားတာတွေ့ရပါတယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။
အခုလို လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အရင်ဆုံး Business Plan Training (စီးပွားရေးလုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းသင်တန်း) ပေးပြီး အမှတ်ပေးစည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ၊ လုပ်ငန်းအကောင်အထည်ဖော်နိုင်ခြေ ရှိ၊ မရှိနဲ့ ဖြစ်သင့်၊ ဖြစ်ထိုက်မှု ရှိ၊ မရှိတွေကို စိစစ်ပြီး မတည်ငွေ ထောက်ပံ့ပေးတာဖြစ်တယ်လို့လည်း ပြောပါတယ်။
သင်တန်းသားတွေကို ခေါ်ယူရာမှာလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကတဆင့်နဲ့ ဌာနကနေ ကြေညာခေါ်ယူတာဖြစ်တယ်လို့ ပြောပါတယ်။ အသေးစားလုပ်ငန်းတွေကို မတည်ငွေထောက်ပံ့ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဝင်ငွေနဲ့ ထွက်ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့ သင်တန်းပေးပြီး လုပ်ငန်းရေရှည် လည်ပတ်နိုင်အောင် ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
“မတည်ငွေကို ပေးတာက မြို့နယ်အလိုက်ပေးတဲ့ရက်မတူပေမယ့် စပေးတာက ၁/ ၂၀၂၆ ကနေ စပေးပါတယ်။ မတည်ငွေပေးတာဖြစ်တဲ့အတွက် ပြန်ဆပ်ဖို့ မလိုပါဘူးရှင့်။ လုပ်ငန်းကို အရင်းနှီးမပျောက်စေပဲ ဆက်လက် လုပ်ဆောင်ဖို့ ပဲ စည်းကမ်းချက်ထားရှိပါတယ်” လို့ ရင်းနှီးမြှုပ်နှံမှု ဌာနခွဲက တာဝန်ရှိသူ အမျိုးသမီးတဦးက ကန္တာရဝတီတိုင်း (မ်) ကို ဆက်ပြောပါတယ်။
အသေးစားလုပ်ငန်းတွေအတွက် မယ်စဲ့မြို့နယ်မှာ လုပ်ငန်း ၁၅ ခု၊ ဟိုယာမြို့နယ်မှာ ၉ ခု ၊ ဒီးဘောင်းခူ မြို့နယ်မှာ ၁၀ ခု ၊ လွိုင်နန်းဖမြို့နယ်မှာ ၈ ခု ၊ ဖယ်ခုံ မြို့နယ်မှာ ၁၀ ခုစသဖြင့် လုပ်ငန်း မတည်ငွေ အသီးသီး ပံ့ပိုးထားတယ်လို့ သိရပါတယ်။






