ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ဖို့ ထင်းမီးအစားထိုး လောင်စာတောင့် ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းကို ရေရှည်လုပ်ငန်းစဥ်အဖြစ် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး စတင်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ရေရှည်ကိုရည်ရွယ်ပါတယ်။ ဒီမှာက ထင်းအစားထိုးအသုံးပြုမှုကို ပညာပေးတွေလုပ်ဖို့ အများကြီး အချိန်ယူရအုံးမှာဖြစ်တယ်။ လက်ရှိကတော့ လက်လှမ်းမှီနိုင်မယ့် ဈေးကွက်ကိုဖော်ဆောင်နိုင်ဖို့နဲ့ လုပ်ငန်း ရပ်တန့်မသွားအောင် ကြိုးစားနေရတုန်းပါရှင့်” လို့ IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၊ ရင်းနှီးမြှုပ်နှံမှုဌာနခွဲက တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးရွာခံတွေအပါဝင် စစ်ဘေးရှောင်တွေဟာ ထင်းမီးအတွက် သစ်ခုတ်ယူသုံးစွဲရာကနေ ဖြစ်ပေါ်လာတဲ့ နှစ်ဖက်အကြား ပဋိပက္ခတွေကို ဖြေရှင်းဖို့လည်း ရည်ရွယ်ပြီး ထင်းအစားထိုး လောင်စာတောင့် ထုတ်လုပ်တဲ့လုပ်ငန်းကို စတင်ခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တောကျိုတောင်ကြားမှာ ၆ နှစ်နီးပါး မှီတင်းနေထိုင်လာကြတဲ့ လူထုတွေအနေနဲ့ ချက်ပြုတ်စားသောက်ရေးအတွက် ထင်းမီးကို အဓိကထား အသုံးပြုနေရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ထင်းမီးအတွက် သစ်ခုတ်ယူရာမှာ ကျေးရွာခံတွေရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်ချက်တွေအတိုင်း ထင်းရှာရတာဖြစ်ပြီး အဲ့ဒီအခြေအနေကြောင့် ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်တွေအကြား မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားလေ့ရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက အခုလိုရှင်းပြပါတယ်။
“ကျမတို့အိမ်က တစ်နှစ်ဆို ထော်လာဂျီနဲ့ အနည်းဆုံး ၁ စီးကကုန်တယ်။ ထင်းတွေကလည်း သစ်ပင်အသစ်တွေ၊ အကောင်းတွေကို ခုတ်ခွင့်မရဘူးပေါ့ရှင်။ ကျမတို့က ခြောက်နေပြီးသား မြေကြီးပေါ်မှာ လှဲကျနေပြီးသား အပင်တွေကို သွားယူရတယ်။ ထင်းခုတ်ရောင်းတယ်ဆိုတာကလည်း ပိုင်ရှင်တွေပဲ လုပ်တာပေါ့နော့။ အဲလိုခုတ်တာကမှ သစ်ပင်အကောင်းတွေ၊ သစ်ပင်အသစ်တွေကို ခုတ်တာ။ ကျမတစ်ခုတော့ စိုးရိမ်မိတယ်။ ကျမတို့က ထင်းမီးနဲ့ပဲ နေသားကျလာဆိုတော့ အစားထိုးလောင်စာသုံးမယ်ဆိုရင် ကျမတို့မိသားစုအတွက် လွယ်ကူပါ့မလားပေါ့နော” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
အစားထိုးလောင်စာတောင့်လုပ်ငန်းကို ကရင်နီပြည်၊ ဒီးဘောင်းခူမြို့နယ်က လုပ်ငန်းရှင်တွေက IEC ရဲ့ ရင်းနှီးမတည်ငွေနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။ အစားထိုးလောင်စာတောင့်တွေကို စပါးခွံကနေ သဘာဝအတိုင်း ပြုလုပ်ထားတာဖြစ်လို့ မီးတောက်အားကောင်းသလို မီးခိုးထွက်နည်းပြီး ကြာရှည်စွာလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။
ထင်းမီးအစား အခုလို အစားထိုးလောင်စာတောင့်တွေကို အသုံးပြုခြင်းအားဖြင့် မီးခိုးနဲ့ မီးငွေ့တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ထင်းခုတ်ခြင်းကြောင့် သစ်တော ပြုန်းတီးမှုတို့ကို လျှော့ကျနိုင်တယ်လို့လည်း ပြောပါတယ်။
“ပိဿာထုတ်နဲ့ စမ်းသပ်အသုံးပြုနိုင်ဖို့ လုပ်ထားတာရှိတယ်။ ဈေးကတော့ ထင်းမီးသွေးထက်ချိုသာအောင် ထုတ်ထားပေးတယ်။ အရေအတွက်များမယ်ဆို ဝန်ဆောင်မှုတချို့ ရယူနိုင်မှာဖြစ်တယ်။ ဥပမာ ဈေးလျှော့တာ။ အိမ်အရောက်ဝန်ဆောင်မှုပေးတာ” လို့ ရင်းနှီးမြှုပ်နှံမှုဌာနခွဲက တာဝန်ရှိသူ အမျိုးသမီးတဦးက ဆက်ပြောပါတယ်။
စပါးခွံလောင်စာတောင့် တအိတ်ကို ၃၅,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ၅ အိတ်နဲ့အထက် ဝယ်ယူသူတွေအတွက် တအိတ်ကို ၃၃,၀၀၀ ကျပ်၊ ၁၀ အိတ်နဲ့အထက် ဝယ်ယူသူတွေအတွက် တအိတ်ကို ၃၀,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ လူထုတွေအနေနဲ့လည်း ထင်းမီးအစား စပါးခွံလောင်စာတောင့်ကို ဝယ်ယူသုံးစွဲကြဖို့ကိုလည်း IEC က တိုက်တွန်းထားပါတယ်။







