spot_img
Homeသတင်းမယ်ဟောင်ဆောင်နယ်စပ်မှာ မြန်မာနိုင်ငံသားအပါအဝင် ၄ ဦးထံက ဘတ် ၃ သန်း သိမ်းဆည်းရမိ

မယ်ဟောင်ဆောင်နယ်စပ်မှာ မြန်မာနိုင်ငံသားအပါအဝင် ၄ ဦးထံက ဘတ် ၃ သန်း သိမ်းဆည်းရမိ

-

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်၊ ခွန်ယွန်းခရိုင်၊ ဟွေ့တန်နွန်ရှိ ယာယီကုန်သွယ်ရေးဂိတ်မှာ စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံသားအပါအဝင် လူ ၄ ဦးထံကနေ ထိုင်းဘတ်ငွေ ၃ သန်း သိမ်းဆည်းရမိခဲ့တယ်လို့ မယ်ဟောင်ဆောင်အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ၄ ဦးပါဝင်တဲ့ ယာဉ်ကို အခွန်မဆောင်ရသေးတဲ့ ကုန်ပစ္စည်းတွေ၊ တားမြစ်ကုန်၊ ကန့်သတ်ကုန် ဒါမှမဟုတ် အကောက်ခွန်လုပ်ထုံးလုပ်နည်းအတိုင်း ရှင်းလင်းထားခြင်းမရှိသေးတဲ့ ကုန်ပစ္စည်းတွေ ပါဝင်နိုင်တယ်ဆိုတဲ့ သံသယနဲ့ အကောက်ခွန်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဆေးမှုကို စစ်ဆေးရေးဂိတ်ရှိ စုံစမ်းစစ်ဆေးရေးနဲ့ နှိမ်နင်းရေးဌာနက အရာရှိတွေနဲ့ နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ဆေးရာမှာ ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ထုတ်ပေးတဲ့ မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားပြီး မြန်မာနိုင်ငံသားဖြစ်တဲ့ စောမင်းမင်းက ယာဉ်မောင်းသူဖြစ်ပြီး ခွန်ယွန်းခရိုင်မှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသား ပသဝီဂျိုင်ဒီ၊ နိုင်ငံခြားသားအလုပ်သမား ကျန်းမာရေးအာမခံကတ် ကိုင်ဆောင်ထားတဲ့ မာချန်နူးနဲ့ အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားတဲ့ ဖြိုးဝေစိုးတို့ကို တွေ့ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ထိုင်းဘတ် ၁,၀၀၀ တန် ငွေစက္ကူ အရွက် ၃,၀၀၀ (ဘတ် ၃ သန်း)ကိုလည်း တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းရာ အဆိုပါငွေတွေက သံဖြူသတ္တုရိုင်း ဝယ်ယူဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် လိုအပ်တဲ့ သက်သေအထောက်အထားတွေကို မပေးနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ငွေကြေးသယ်ဆောင်လာမှုအတွက် လိုအပ်တဲ့ အထောက်အထားတွေကို မပြနိုင်တာကြောင့် ထိုင်းနိုင်ငံရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်တဲ့ ငွေကြေးပမာဏကို နိုင်ငံပြင်ပသို့ တရားမဝင်သယ်ဆောင်ရန် ကြံစည်မှုနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

အဆိုပါ ၄ ဦးဟာ Honda Wave i ဆိုင်ကယ်တစီးနဲ့ ချင်းမိုင်လိုင်စင်နံပါတ် YY 4776 ပါ မီးခိုးရောင် Toyota Pickup ကားတစီးတို့နဲ့ ဟွေ့တန်နွန် စစ်ဆေးရေးဂိတ်ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ယာဉ်တွေနဲ့အတူ ငွေသားတွေကို သက်သေအဖြစ် သိမ်းဆည်းထားကာ လူ ၄ ဦးကိုတော့ မယ်ဟောင်ဆောင်အကောက်ခွန်စစ်ဆေးရေးဂိတ်ထံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ