spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ဒီးမော့ဆိုအနောက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက မိဘမဲ့ဂေဟာရှိရာအနီးကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ၉ နှစ်အရွယ် ကလေးတဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးက လေးယောက်ထိတယ်။ ဆုံးသွားတဲ့တစ်ယောက်က အငယ်ဆုံးပေါ့” လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၉ နှစ်အရွယ် ယောကျ်ားလေးဖြစ်ပြီး ဒဏ်ရာရရှိသူ သုံးဦးလည်း ယောကျ်ားလေးတွေဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၁၆ နှစ်အရွယ် ယောကျ်ားလေးတဦး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။

မိဘမဲ့ဂေဟာအနီးကို အသေခံဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပထမအကြိမ် တိုက်ခိုက်မှုမှာ လူထိခိုက်မှုမရှိပေမယ့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရာမှာ ကလေးငယ်တွေ ထိမှန်သေဆုံး၊ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒရုန်းပျံသန်းလာတဲ့အသံကြားတာနဲ့ ပုန်းခိုကျင်းတွေထဲ ဝင်ရောက်ရှောင်တိမ်းခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒရုန်းတိုက်ခိုက်မှုကြောင့် Hijet ကားတစီးနဲ့ Honda Fit ကားတစီး ၊ မီးကြိုးနဲ့ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် တရက်တည်းမှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်း သုံးစီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“နေ့လည်က ဘောလုံးကွင်းမှာ တစ်လုံး၊ နောက် ဒုတိယနဲ့ တတိယက ဒီနားမှာပေါ့။ လေးနာရီ၊ ငါးနာရီကျော်လောက် ဝူး…ဝူး…ဆိုပြီး အသံကြားတယ်။ အဲဒါကြောင့် ပုန်းခိုကျင်းထဲ ပြေးဝင်တာ။ သူချ(ဒရုန်းထိုးဆင်း)တဲ့အချိန်မှာ ကြားတယ်။ နားအူကောင်းနေတာပဲ” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားနေရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း ဆိုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ