spot_img
Homeသတင်းလူထုတွေ လေကြောင်းနဲ့ ဒရုန်း အန္တရာယ်သတိပြုဖို့ တော်လှန်ရေးတပ် အသိပေး

လူထုတွေ လေကြောင်းနဲ့ ဒရုန်း အန္တရာယ်သတိပြုဖို့ တော်လှန်ရေးတပ် အသိပေး

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ကင်းထောက်မှုတွေ ပြုလုပ်နေတာကြောင့် လူထုတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်-ကရင်နီ စစ်တိုင်းဗျူဟာအမှတ် (၁၁) က အသိပေးထားပါတယ်။

မိုးဗြဲမြို့အတွင်း ထိတွေ့တိုက်ပွဲတွေမှာလည်း အာဏာသိမ်းစစ်တပ်က ဒရုန်းအသုံးပြုမှု ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကော်မရှင်ဖက်က ဒရုန်းနဲ့ ကင်းထောက်နေတာ။ ပြီးခဲ့တဲ့ ၁၃ ရက် မနက်ပိုင်းက ဒရုန်းနဲ့ကြဲပြီးတော့ သူတို့ (အာဏာသိမ်းစစ်တပ်) က ရှေ့တိုးလာပါတယ်။ နှစ်ဖက်ထိတွေ့မှုဖြစ်ပြီးတော့ သူတို့ဖက်က ပြန်ဆုတ်သွားပါတယ်။ ၁၄ ရက်နေ့မှာလည်း ဒရုန်းနဲ့ လာချသေးပါတယ်” လို့ သူက ဆိုပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့က မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း ဒရုန်းထိမှန်မှုကြောင့် ကယန်းအမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။ မိုးဗြဲမြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဖက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မိုးဗြဲမြို့နဲ့ထိစပ်နေတဲ့ နန်းမယ်ခုံမြို့က ကျေးရွာတရွာကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့၊ တရက်တည်းမှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက အရပ်သားရှိတဲ့နေရာတွေကို ကာမိကာဇေ အသေခံဒရုန်းတွေနဲ့ ၃ ကြိမ်ခန့် တိုက်ခိုက်ခဲ့လို့ အသက် ၉ နှစ်အရွယ်ကလေးတဦး သေဆုံးခဲ့သလို အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ကင်းထောက်တာ၊ ဗုံးကြဲတာ အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတာပါ။ လူထုတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့နဲ့ လေယာဉ်သံ၊ ဒရုန်းသံတွေ ကြားရရင် ဗုံးခိုကျင်း ဒါမှမဟုတ် အကာအကွယ်ရှိတဲ့ နေရာတွေမှာ ပုန်းခိုကြဖို့ ရှမ်းတောင်-ကရင်နီ စစ်တိုင်း ဗျူဟာအမှတ် (၁၁) က သတိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ