နော်ဒွေးအယ်ခူ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမမှ COVID-19 ကပ်ရောဂါကို ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်နိုင်ဖို့အတွက် ဇွန်လတစ်ရက်နေ့က စတင်ဖွင့်လှစ်ထားတဲ့ Fever Clinic (အခမဲ့ဆေးခန်း) တွင် လူနာလာရောက်မှု နည်းပါးသဖြင့် သြဂုတ်လအကုန်တွင် ပိတ်သိမ်းတော့မယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။ “ဒီသြဂုတ်လကုန်ရင် ဒီဆေးခန်းကိုပြန်ပြီးပိတ်လိုက်ပါတော့မယ်။ ဘာလို့ဆို ဒီမှာရှိတဲ့ Volunteer ကော ဆရာဝန်တွေကော လုပ်ပေးရတဲ့ တာဝန်ယူရတဲ့အချိန်နဲ့တကယ်လာပြတဲ့လူနာ ဒီလောက်မများကြဘူး။” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။ အခမဲ့ဆေးခန်းရှိတာကို လူတွေသိပ်မသိကြသလို ပစ္စည်းကိရိယာစုံလင်စွာနဲ့ အဖျားရောဂါကိုကုသပေးနေပေမယ့်လည်း လူနာတွေက Quarantine ဝင်ခိုင်းမှာကိုစိုးရိမ်တာကတစ်ကြောင်း၊ တို့ပတ်နမူနာယူမှာကိုစိုးရိမ်နေကြပြီး ဖျားနာနေမကောင်းရင်လည်း လွိုင်ကော်ဆေးရုံကြီးကိုသာ သွားတဲ့အတွက် လူနာလာရောက်မှု နည်းပါးတာဖြစ်တယ်လို့ Fever Clinic မှာ တာဝန်ကျတဲ့ တီဘီတိုက်ဖျက်ရေးဌာနမှ ဒေါက်တာသန်းထိုက်ဇော်ကပြောပါတယ်။ “အမျိုးစုံရှိတာပေါ့။ […]