spot_img
Homeသတင်းဒီးမော့ဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းတနေရာမှာ လုံခြုံရေးအခြေအ‌နေကြောင့် နေ့တပိုင်းသာ စာသင်ကြားနိုင်

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းတနေရာမှာ လုံခြုံရေးအခြေအ‌နေကြောင့် နေ့တပိုင်းသာ စာသင်ကြားနိုင်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စာသင်ကျောင်းတ‌နေရာမှာ လုံခြုံရေးအခြေအနေကြောင့် ကျောင်းသားတွေကို နေ့တပိုင်းသာ စာသင်ကြားနိုင်တယ်လို့ ကျောင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။

၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းဖွင့်ချိန်အစောပိုင်းမှာတော့ မနက်ကနေ ညနေပိုင်းအထိ ၅ နာရီစာ သင်ကြားရာကနေ လုံခြုံရေးအခြေအနေကြောင့် ဇူလိုင်လ ဒုတိယပတ်ကစပြီး နေ့တပိုင်း ၄ နာရီစာသာ သင်ကြားပေးနေတယ်လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

”‌၁ နာရီစာလောက်လျှော့ထားတာပေါ့ ပုံမှန် ၅ နာရီစာကနေ ၄ နာရီလျှော့ချထားတယ်။ နေ့တစ်ဝက် ၄နာရီစာပါ။ အရင်က ၅နာရီစာ တ‌စ်ရက်လုံးပါ” လို့ သူကပြောပါတယ်။

သင်ကြားရေးပိုင်းမှာ စာသင်ချိန် လျှော့ထားရတာကြောင့် တချို့သင်ခန်းစာတွေကို မပြီးပြတ်ဘဲ ချန်လှပ်ထားရတာရှိတယ်လို့ အဆိုပါ ကျောင်းဆရာက ဆက်ပြောပါတယ်။

“အခြေအနေက ပိတ်သင့်တဲ့အချိန်က ပိတ်နေတယ်ဆိုတော့ သူ့လပိုင်း မာတိကာနဲ့တော့ သွားလို့မှ အဆင်မပြေတာ ပြီးသလောက်ပဲ သင်ရမှာဘဲ” လို့ ကျောင်းဆရာက ဆိုပါတယ်။

ကျေးရွာအနီးအနားကို စစ်အုပ်စုတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုရှိနေတာကြောင့် လုံခြုံရေးအရ စာသင်ကျောင်းတွေမှာ စာသင်ကြားလို့မရတော့ဘဲ နေအိမ်တွေမှာ ရွေ့ပြောင်းသင်ကြားနေရပါတယ်။

လက်နက်ကြီးအသံကို မကြာခဏ ကြားနေရတဲ့ ကျောင်းသားတချို့ကတော့ ကြောက်လန့်ပြီး သင်ကြားရေးအပေါ် စိတ်ဝင်စားမှုလျှော့နည်းလာတယ်လို့ ကျောင်းသားမိဘတဦးက အခုလိုပြောပါတယ်။

“ကျောင်းတက်နေရင်းနဲ့မှ လက်နက်ကြီးဘေး၊ လေယာဉ်ဘေး ကြောက်ကြောက်နဲ့ပေါ့နော။ ရင်တထိတ်ထိတ်နဲ့ ကျောင်းတက်နေရတဲ့အခြေအနေပေါ့နော။ ကလေးအတွက်တအား စိတ်ဒဏ်ရာဖြစ်စေတယ်။ သူတို့ကစာကို စိတ်ဝင်စားမှုမရှိတော့ဘူး။ စာကို တတ်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ သူတို့သင်ယူကြတာများတယ်” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

သင်ကြားရေးအပိုင်းကို မနှောင့်နှေးစေဖို့ နေအိမ်တွေမှာ အဆင်ပြေသလို စာသင်ကြားနေရပြီး ကျောင်းသုံး ဝှိုက်ဘုတ် (Whiteboard ) လိုအပ်နေတယ်လို့ ‌ကျောင်းတာဝန်ရှိသူက ဖြည့်စွက်ပြောပါတယ်။

အဆိုပါကျောင်းဟာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် KG တန်းကနေ Grade-8 အတန်းအထိ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၁၄၆ ဦးကို ဆရာ၊ ဆရာမ ၁၀ ဦးက သင်ကြား‌ပေးလျက်ရှိပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ