Homeသတင်းလွိုင်ကော်မြို့၊ နမ့်ကွက်ရပ်ကွက်မှာ ရေမကျသေးတာကြောင့် ဒေသခံတွေ သွားလာရေးအခက်တွေ့

လွိုင်ကော်မြို့၊ နမ့်ကွက်ရပ်ကွက်မှာ ရေမကျသေးတာကြောင့် ဒေသခံတွေ သွားလာရေးအခက်တွေ့

-

CJ / ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ရေမကျသေးတာကြောင့် ဒေသခံတွေ သွားလာရေးအခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။

“ရေက နည်းနည်းပဲကျတယ်။ မိုးရာသီရောက်ရင် ပိုဆိုးတယ်။ တစ်နေရာကနေ တစ်နေရာသွားဖို့တောင် ဖောင်တွေနဲ့ သွားနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်း ၂၀၂၄ ခုနှစ်က စံချိန်တင်ရေကြီးခဲ့ချိန်မှာ နမ့်ကွတ်ရပ်ကွက်မှာလည်း နေအိမ်တွေ နစ်မြှုပ်တဲ့အထိ ရေကြီးခဲ့ပါတယ်။ အဲ့ဒီတုန်းက ဝပ်ကျန်ခဲ့တဲ့ရေတွေ လုံးဝမခမ်းခြောက်သေးဘဲ မိုးရာသီရောက်တိုင်း မိုးရွာတာနဲ့ ရေထပ်တက်လာတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ရပ်ကွက်အတွင်း ရေကြီးနေတာဟာ အနီးအနားက ဘီလူးချောင်းနဲ့ တိုက်ရိုက်သက်ဆိုင်တာ မဟုတ်ဘဲ ရေဝပ်နေတဲ့ပြဿနာကို မဖြေရှင်းနိုင်သေးတဲ့အတွက် နှစ်စဉ် ရေကြီးနေရတာလို့လည်း ဆိုပါတယ်။

အဲ့ဒီပြဿနာကို ဖြေရှင်းပေးဖို့ ရပ်ကွက်နေပြည်သူတွေက စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာတွေကို တင်ပြထားပေမယ့် လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးဘူးလို့ ရပ်ကွက်နေ အမျိုးသမီးတဦးက ပြောပါတယ်။

“ဝန်ကြီးတွေအထိ တင်ပြခဲ့တယ်။ ရေရှည်စီမံကိန်းတွေလုပ်ပြီး ရေစုပ်စက်အကြီးစားတွေနဲ့ လာစုပ်ထုတ်ပေးမယ်လို့ ပြောပေမယ့် အခုထိတော့ ဘာမှ မထူးခြားသေးဘူး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

လမ်းမတွေအထိ ရေမြင့်တက်နေတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ရပ်ကွက်နေပြည်သူတချို့ကတော့ တခြားရပ်ကွက်တွေကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။

နမ့်ကွတ်ရပ်ကွက်မှာ ယခုနှစ်အတွင်း ရေကြီးမှုကြောင့် လူထိခိုက်မှု မရှိသေးပေမယ့် သွားလာရေးအတွက်တော့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။ လွိုင်ကော်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီးလူးချောင်းအနီးတစ်ဝိုက်က နမ့်ကွတ်ရပ်ကွက်အပြင် မင်းစု ၊ ဒေါနိုးကူးရပ်ကွက်ဖက်မှာ နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ