Homeသတင်းဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ တစ်ပတ်ကျော်ကြာတဲ့အထိ ဓာတ်ဆီစျေး ပြန်မကျသေး

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ တစ်ပတ်ကျော်ကြာတဲ့အထိ ဓာတ်ဆီစျေး ပြန်မကျသေး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဇူလိုင်လ ဒုတိယပတ်ကစလို့ ဓတ်ဆီစျေးမြင့်တက်ခဲ့ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ‌စျေးပြန်မကျသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ပဆေးလာမှာကျ ၉၀၀၀ ပဲရှိသေးတယ်။ အခြားစျေးတက် ၊ စျေးကျတာတော့မရှိသေးဘူး။ လောလောဆယ် ၉၀၀၀ နဲ့ငြိမ်နေသေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပုံမှန် ဓာတ်ဆီတလီတာကို ၆၀၀၀ ကျပ်ကနေ ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ ၈၀၀၀ကျပ်အထိ မြင့်တက်လာခဲ့ပြီး လက်ရှိမှာတော့ တလီတာကို ၉၀၀၀ ကျပ်နဲ့ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။

အခုလို စက်သုံးဆီဈေးမြင့်တက်ရတာဟာ ဓာတ်ဆီတင်သွင်းဝယ်ယူရာလမ်းကြောင်း အခက်အခဲရှိနေသလို လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာကြောင့် ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စက်သုံးဆီရောင်းသူတဦးက ဆိုပါတယ်။

“ဆီကိုတော့ တောင်ငူကယူရတာပါဗျ။ တစ်ပတ်ကိုဘယ်နှကြိမ်၀င်လဲဆိုတော့ အခုလောလောဆယ်ကတော့ အတိအကျပြောရခက်တယ်။ အဓိကက ဆီ၀ယ်ရခက်နေတာရယ်၊ လမ်းကြောင်းအဆင်မပြေတာရယ်ကြောင့်။ အခေါက်ရေကတော့ပြောရခက်တယ်ဗျ”လို့ စက်သုံးဆီရောင်းသူတဦးက ပြောပါတယ်။

လတ်တလော အခြေအနေအရ စက်သုံးဆီဈေးနှုန်းက ကျဆင်းနိုင်ခြေ မရှိသေးဘဲ ဆက်လက်မြင့်တက်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ဓာတ်ဆီ (92) ကို ခွဲတမ်းစနစ်နဲ့သာ ဝယ်ယူနေရတာကြောင့် ဝယ်ယူရေး အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။”

စက်သုံးဆီစျေးမြင့်တက်နေတဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ တောင်သူတွေအတွက် ကုန်ကျစရိတ်ကြီးမြင့်လာတယ်လို့ စိုက်ပျိုးတောင်သူတဦးက ပြောပါတယ်။

“ဒီဇယ်စျေးတက်၊ စက်ခတွေလည်း စျေးတက်တော့ စက်ဌားရမ်းရတာ စက်ခလည်းများများပေးရတယ်ပေါ့”လို့ စိုက်ပျိုးတောင်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ဓာတ်ဆီ ၁လီတာကို ၈၀၀၀ ကျပ်၊ ၉၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပြီး နေရာဒေသအလိုက် စျေးနှုန်းကွာဟမှုတွေ ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ