ကယားပြည်နယ်နေ့တွင် အခမ်းအနားသာကျင်းပမည်ဟု ပြည်နယ်အစိုးရအဖွဲ့ပြော

0
934

ကန္တာရဝတီတိုင်းမ်

လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် ကယားပြည်နယ်အထိမ်း အမှတ်နေ့မှာ ပွဲလမ်းသဘင်တွေ ထည့်သွင်းကျင်းပမှာမဟုတ်ပဲ အခမ်းအနားအစီအစဉ်သာ ကျင်းပသွားမယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံးရဲ့ ညွှန်ကြားရေးမှုး ဦးအံ့မော်က ပြောပါတယ်။

“အခမ်းအနားတော့လုပ်မယ်လေ။ ကယားပြည်နယ်နေ့ အခမ်းအနားတော့လုပ်မယ်။ လူကနည်းနည်းပဲလုပ်မှာ၊ အများကြီးတော့မဖိတ်ဘူး။ အဲ့လိုမျိုးပေါ့။ ကျန်တာတော့ မလုပ်ဘူးလေ။ သဝဏ်လွှာဖတ်တာတို့ ဘာတို့ အဲ့လိုမျိုး ပဲလုပ်မှာ”

အဆိုပါ အခမ်းအနားကို ကျောက်သားရင်ပြင်မှာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ အစိုးရက သတ်မှတ်ထားတဲ့ ကယားပြည်နယ်တွင်းက မျိုးနွယ်စု (၉) ခုရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

အခမ်းအနားအစီအစဉ်မှာတော့ မိန့်ခွန်းပြောတာတွေ၊ နိုင်ငံတော်သမ္မတက ပေးပို့လာတဲ့ သဝဏ်လွှာနဲ့ ဌာနဆိုင်ရာကပေးပို့လာမယ့် သဝဏ်လွှာတွေကို ဖတ်ကြားမှာဖြစ်ပြီး အခမ်းအနားမှာ ပါဝင်မယ့် လူဦးရေ အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာပြုလုပ်ဖို့ရှိတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမယ့် နာမူနာကို ကြည့်ပြီးမှ ကယားပြည်နယ်နေ့အခမ်းအနားကိုလည်း အဆိုပါအတိုင်းလုပ်သွားဖို့ရှိတယ်လို့ ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

“လောလောဆယ်ကတော့ ဒီလွတ်လပ်ရေးနေ့ ၄ ရက်နေ့မှာတော့ ရဲဌာနအနေနဲ့တော့ ညွှန်ကြားချက်ကတော့ လူအယောက်ဘယ်လောက်မှ မသတ်မှတ်ဘူး။ ခြောက်ပေအကွာဆိုလုပ်လို့ရတယ်။ အဲ့လိုတော့ အကြမ်းဖျင်း တော့ သိရတယ်။ လွတ်လပ်ရေးနေ့မှာ အဲ့လို့လုပ်သွားမယ်ဆို လာမယ့် ကယားဒေးမှာလည်း အဲ့လို လုပ်ဖို့တော့ ရှိတာပေါ့နော်။”

ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှုး ဒေါက်တာဌေးလွင်ကတော့ အခုအခမ်းအနားဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေပြီးတော့ လမ်းညွှန်ထားတဲ့အတိုင်း ပြုလုပ်မှာဖြစ်သလို ဧည့်ခံကျွေးမွေးရေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ မပါတာဖြစ်လို့ ပြဿနာမရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ဝင်လာတဲ့သူတွေကို အဖျားတိုင်းတဲ့ လုပ်ငန်းတွေ၊ လက်ဆေးရည်တို့ လုပ်ငန်းတွေ၊ မတ်စ်တွေ ကြီးကြပ်တာတို့ ဘာတို့ လုပ်တဲ့လုပ်ငန်းတွေကို ကျနော်တို့က ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကျနော်တို့ ဒါလုပ်ပေးမှာပေါ့။ တခုခုပေါ့။ အခမ်းအနားကလည်း အချိန်က အကြာကြီးမဟုတ်ဘူး။ အခမ်း အနားပြီးတဲ့ အခါကျရင်တော့ ကျနော်တို့ ဒီမှာ ဧည့်ခံကျွေးမွေးရေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဘာမှ မပါပဲနဲ့ လုပ်မှာ ဖြစ်ပါတယ်။ အဲ့ဒါဆိုတော့ ပြဿနာမရှိပါဘူး။”

အခမ်းအနားလောက်ပဲပြုလုပ်တာ ကိစ္စမရှိပေမယ့် လက်ရှိမှာ ကယားဒေးကွင်းမြေနေရာတွေကို ပြင်ဆင်၊ ပြုပြင်မှုတွေရှိနေတဲ့အတွက် ကိုဗစ်ကာလမှာ ပွဲလမ်းသဘင်ကျင်းပမှာကို စိုးရိမ်နေရတယ်လို့ ကော်ယော်လူ မျိုးစုကော်မတီ တာဝန်ခံ နန်းရီက ပြောပါတယ်။

“အဲ့လိုမျိုး လုပ်ငန်းစဉ်ပြန်သွား မယ်ဆိုလို့ရှိရင်တော့ သက်သာတာပေါ့။ အခမ်းအနားလောက်ပဲဆိုရင်တော့။ ဒါပေမယ့် ခုဏကပြောတဲ့ ပွဲတွေ အဆင့်ထိ လုပ်ဖို့ကိုလည်း ခုဏကပြောတဲ့ နေရာတွေကိုလည်း ခုလက်ရှိ လိုက်ပြင်ဆင်နေတဲ့ဟာတွေ၊ ပြုပြင်နေတဲ့ဟာတွေ ရှိနေတယ်လို့လည်းကြားတယ်။ ဒါပေမယ့် အဲ့ဒီအပေါ်မှာ မလုပ်ရင်အကောင်းဆုံးပေါ့။ အခမ်းအနား အဆင့်လောက်ပဲဆိုရင်တော့ အဲ့ဒီအပေါ်မှာလည်း သူတို့ ဘယ်လို စနစ်တကျစီမံခန့်ခွဲမလဲဆိုတဲ့ အပိုင်းအပေါ်မှာလည်း အများကြီးမူတည်သွားမှာပေါ့။”

လက်ရှိအချိန်မှာ ပြည်နယ်ပြင်ပကနေ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကနေတဆင့် ကိုဗစ်ပိုးကူး စက်မှုတွေ အများအပြားတွေ့လာရတာကြောင့် ပွဲလမ်းသဘင်ကျင်းပရင် ရောဂါကူးစက်မှုပျံ့နှံံ့သွားမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး အခမ်းအနားကျင်းပဖို့သာပြုလုပ်ဖို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ (၆၉) နှစ်မြောက်ကယားပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။