နော်ဒွေးအယ်ခူ

နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ကယားလူမျိုးရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ တောလိုက်ပွဲကို လွိုင်ကော်မြို့နယ် ဒေါကလိုးခူကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

ဦးလေးရယ်က “ရှေးရိုးရာဓလေ့အရ ကျတော်တု့ိလုပ်တဲ့ပွဲပေါ့နော ပွဲလုပ်တဲ့အနှစ်သာရကတော့ တခြားဧည့်သည်တွေဝင်ခွင့်မပြုဘူး။ ထမင်းတွေထုပ်သွားလည်း ငါးရံ့တို့ ငါးရံ့ခေါင်းတိုတို့ ပဲပုတ်တို့ ထုပ်လို့မရဘူး။ ထုပ်တဲ့ ဖက်ကလည်း အင်ဖက်ပဲရတယ် ငှက်ပျော်ဖက် မရဘူး။ တောကောင်ရလို့ရှိရင်တော့ ရပ်ရဲ့အကျိုး ရွာရဲ့အကျိုး နောက်ပြီးတော့ နတ်တင်ရတယ်ပေါ့ နတ်တင်ပြီးတော့မှ ရပ်ရွာအကျိုး ဒီထက်မက တစ်နှစ်ထက်တစ်နှစ် ကောင်းကျိုးတွေ ဆိုးကျိုး ရှိနိုင်သေးတယ်။ ကောင်းကျိုးကတော့ တောကောင်လိုက်ဆို တစ်ရွာလုံးအတွက်ကော မိသားစုအတွက်ကော တိုင်တည်ပြီးတော့မှ လုပ်တဲ့ရည်ရွယ်ချက်ဖြစ်တယ်” လို့ ပြောပါတယ်။

ကယားလူမျိုးတွေရဲ့ တောလိုက်ပွဲကို ရွာအတွင်း အမျိုးသားတွေအားလုံးက ပါဝင်ရပေမယ့် သက်ကြီးရွယ်အိုတွေကတော့ ရွာမှာစောင့်ကျန်နေခဲ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ကလေးတွေနဲ့ ဖျားနာတဲ့သူလည်း တောလိုက်ပွဲမှာ ပါဝင်ခွင့်မရှိပါဘူး။

ဒီလို လရာသီမှာဆိုရင် ကယားလူမျိုးတို့ရဲ့ရိုးရာဓလေ့ဖြစ်တဲ့ တောလိုက်ပွဲရှိသလို ဖေဖော်ဝါရီလမှာဆိုရင် ငှက်လိုက်ပွဲရှိပါတယ်။

တောလိုက်ပွဲရဲ့ပထမတစ်ရက်မှာ တောကောင်မရခဲ့ဘူးဆိုရင် ဒုတိယတစ်ရက်မှာ ဆက်လိုက်ရတယ်လို့ဆိုပါတယ်။

ဒေါကလိုးခူကျေးရွာက ဦးဘကိုက “တောကောင်လိုက်တယ် ရတဲ့တောကောင်ကို တောတောင်စောင့်နတ်ကိုပူဇော်တာ အဓိဌာန်ချတယ် ဆက်လုပ်မယ့်အလုပ်က သူတို့ လမိုင်းပူဇော်ပြီး နောက်တစ်နေ့ နေကောင်းစားချိုအောင် လုပ်နိုင်ကိုင်နိုင်အောင် အဲလိုမျိုးပေါ့ လူ့ဘဝအသက်ရှင်အောင် အဲလိုမျိုးတွေ လုပ်ထားတာ” လို့ပြောပါတယ်။

ရှေးခေတ်ကဆိုရင် တောလည်းထူတာကြောင့် တောဝက်၊ဆတ်၊ ဖြူ စတဲ့ တောကောင်းသားတွေရပေမယ့်လည်း ခုချိန်မှာတော့ ဂျီသား လောက်သာ ရရှိတော့တယ်လို့ သက်ကြီးရွယ်အို အမျိူးသားတွေက ပြောကြပါတယ်။

တောလိုက်ပွဲက တောကောင်သားရရှိလာပြီဆိုရင် တောင်ခြေနားမှာ နတ်တွေကို တောကောင်သားပြန်ပူဇော်သလို ကျေးရွာအိမ်တွေကိုလည်း နည်းနည်းစီဝေစုပြန်ပေးကြပါတယ်။

တောလိုက်ပွဲဟာ ရိုးရာတစ်ခုဖြစ်ကြတာကြောင့် လူငယ်တွေကို လက်ဆင့်ကမ်းအမွေပေးနေတဲ့အကြောင်းကိုလည်း ဦးဘကိုကရှင်းပြပါတယ်။

ဒေါကလိုးခူကျေးရွာက ဦးဘကိုက “ခင်ဗျားတို့မထိန်းလို့ရှိရင် ရိုးရာဓလေ့တွေပျက်မယ် ဓလေ့ပျက်ရင်လူမျိုးပျောက်မယ်ဆိုတာ သူတို့ကိုပြောပြရတယ်။ ဒါကြောင့်မို့ မထိန်းလို့မရဘူး။ တချို့သူတွေက ဟိုးရွာကနေပြောင်းလာပြီးတော့ လုပ်ခိုင်းရင်လည်း ငါကလူသစ်ပဲ ဒီရွာကိုပြောင်းလာတယ် မလုပ်ချင်ဘူးဆိုလည်း မရဘူး ခင်ဗျားဒီရွာမှာနေရင် ဒီရွာသားပဲလို့အဲလိုပြောပြီးတော့ သူတို့ကိုခိုင်းရတယ်လုပ်ရတယ် ပြောပြရတယ် ကြက်ရိုးထိုးနည်းထိုးပုံလည်း သူတို့ကို သင်ပေးရတယ် နတ်ကျွေးတဲ့နေရာလည်း သူတို့ကိုသင်ပေးရတယ်” လို့ ပြောပါတယ်။

အဲဒီတောလိုက်ပွဲကို နှစ်စဉ်နှစ်တိုင်း တောနဲ့နီးတဲ့ ကယားကျေးရွာတွေမှာပြုလုပ်လေ့ရှိကြပေမယ့် တောနဲ့မနီးတဲ့ကျေးရွာတွေမှာတော့ တောကောင်သားအစား ကြက်၊ ဝက် စတာတွေနဲ့ ပူဇော်သပ ကြပါတယ်။

တောလိုက်ပွဲမတိုင်ခင်မှာဆိုရင်လည်း ရိုးရာအရ ကြက်ရိုးထိုးရသလို ကြက်ရိုးရဲ့အဖြေပေါ် မူတည်ပြီး တောလိုက်ပွဲပြုလုပ်ရတာဖြစ်ပါတယ်။

Comments

comments