spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်ကို စ.က.စ တပ်စွဲထားနိုင်ပေမဲ့ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း တော်လှန်ရေးအင်အားစုများကဆို

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်တွင်းက တချို့နေရာဒေသတွေမှာ လက်ရှိအချိန်အထိ စစ်ကောင်စီက အင်အားအလွန်အကျွံသုံးပြီး တပ်စွဲထားနေပေမယ့် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ကရင်နီဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုကြပါတယ်။

ကရင်နီပြည်တွင်း စစ်ကောင်စီရဲ့ တပ်စွဲထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကရင်နီပြည် အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီးဖြစ်တဲ့ ခူဒယ်နီယာယ်က ခုလိုရှင်းပြပါတ်။

“သူတို့ကတော့ တကယ့်စစ်ဆင်ရေးကြီးမျိုး မဟုတ်တော့ပဲနဲ့။ သူတို့ ထိန်းချုပ်ရမယ့် လမ်းကြောင်းတွေ နောက်ပြီးတော့ သူတို့ရဲ့ မြို့လုံခြုံရေးတွေ၊ သူတို့ ရဲ့ တပ်လုံခြုံရေးကိုပဲ အဓိကထားတော့တယ်။ အပြင်တောင်မထွက်တော့ဘူး။ အပြင်ထွက်တာနဲ့ တိုက်ပွဲက ဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နေရာတကာမှာ လက်နက်ကိုင်တဲ့ လူထုတွေ လူငယ်တွေရှိတယ်။ ကျနော်တို့ အပြင်ထွက်တာနဲ့ကို တိုက်ပွဲက ဖြစ်မှာပဲ။ သူတို့တပ်စခန်းမဟုတ်ပဲ အပြင်ထွက်နေတဲ့ သူတို့ယာယီတပ်စခန်းတောင်မှ မကြာခဏ နေ့တိုင်းလိုလို တိုက်ပွဲက ဖြစ်နေတယ်လေ။ ဆိုတော့ သူတို့ စစ်ကြောင်းနဲ့ ချီတက်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ဖြစ်နေမှာပဲ တင်းမာနေဆဲပါပဲ။ အခုချိန်အထိ ပါပဲ။”

တိုက်ပွဲတွေမကြာခနဖြစ်နေတဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒေါငံခါး၊ ဒီးမော့ဆို၊ ဖရူဆို လမ်းမကြီးတစ်လျောက်မှာဆိုရင် စစ်ကောင်စီကနေပြီး စစ်ကြောင်းထိုးတာတွေ ၊ တပ်စွဲတာတွေ လုပ်ဆောင်နေပေမယ့် ထိန်းချုပ်နိုင်တယ်လို့ ပြောလို့မရဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။

“ထိန်းချုပ်နယ်မြေဆိုတာတော့ မရှိဘူးထင်တယ်။ ကျနော်ထင်တာကတော့လေ ထိန်းချုပ်လို့ မရဘူးပေါ့နော။ သူ့ကို သွားတိုက်လိုက် သူကဆုတ်လိုက်၊ ကျနော်တို့က ပြန်တက်လိုက် သူတို့က ထိုးလိုက် ကျနော်တို့က ဆုတ်သင့်ရင် ပြန်ဆုတ်လိုက် အဲ့ဒီလိုပဲ လုပ်နေကြတာပေါ့။ ထိန်းချုပ်တယ်ဆိုတာကတော့ ပြောရခက်တယ်ပေါ့နော“ လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့နေရာမှာလည်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပျောက်ကြားတိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ဒေသမှာ ဒေသခံတွေရှိနေပြီး သူတို့ရဲ့ ယန္တာရားတွေလည်ပတ်နိုင်မှသာ ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ KNDF ဆိုပါတယ်။

“ ပြည်သူမရှိရင် သူတို့က ဘားမှ လုပ်လို့မရဘူး။ တပ်တွေရှိရင်လည်း ဘားမှလုပ်လို့မရဘူး။ ပြည်သူတွေက သူတို့ကို လက်ခံထားတာမျိုးမဟုတ်ဘူး။ နောက်တစ်ခုက ဒေသခံတွေက သူတို့လာတာနဲ့ အကုန်လုံး အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးကြတယ်ပေါ့။ ထွက်ပြေးကြတဲ့အခါမှာ ဘယ်သူမှ ပြန်လာမနေကြဘူးပေါ့။ ဘယ်သူမှ ပြန်လာမနေတဲ့အခါမှာ သူတို့က အဲ့ဒီလမ်းမကြီးတစ်ကြောကို တပ်စွဲထားတယ်ဆိုပေမယ့် အဲ့ဒီလမ်းမကြီးတစ်ဝိုက်မှာရှိတဲ့ ရွာတွေ လူထုတွေကို သူတို့ အုပ်ချုပ်လို့ ရတာမဟုတ်ဘူး။ အဲ့လိုမျိုးပေါ့နော။ အုပ်ချုပ်လို့မရဘူး။ မရှိဘူး။ လူထုတွေက အဲ့လိုနေရာမျိုးမှာ သူတို့က တပ်စွဲထားတယ်။ အဲ့ဒီလိုအခြေအနေမျိုးပါပဲ။“ လို့ KNDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နဲ့ တခြားပြည်နယ်တွေကို ဆက်သွယ်တဲ့ လမ်းမကြီးတစ်လျှောက်မှာ တပ်တွေချထားပြီး အဝင်အထွက်တွေကို ထိန်းချုပ် နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းမှာ လွိုင်ကော်မြို့ ရပ်ကွက်တွေထဲထိ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လွိုင်ကော် နဲ့ မိုးဗြဲ၊ ဖယ်ခုံ မြို့တွေကို ထိန်းချုပ်နိုင်ဖို့ ဆိုရင်လည်း ဒီးမော့ဆိုမြို့ကို ပါထိန်းချုပ်ထားဖို့ လိုအပ်တာကြောင့် ဒီးမော့ဆိုတကြောကို အမြဲထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ခူဒယ်နီယာယ် ဆိုပါတယ်။

“ အဓိက အဲ့ဒီတစ်ကြောင်းကို သူတို့ထိုးတာက ဒီဖယ်ခုံ၊ မိုးဗြဲ နောက်ပြီးတော့ လွိုင်ကော်မြို့ရဲ့ လုံခြုံရေးပေါ့။ ဒီကယားပြည်နယ် ( ကရင်နီပြည် ) တခြားပြည်နယ်ကို ဆက်စပ်တဲ့ဟာတွေကိုတော့ သူတို့ ရအောင်ထိန်းထားတယ်။ ဒီဥပမာ လွိုင်လင်လေးဘက်ကလည်း သူတို့ တပ်ရင်းတွေရှိတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေရှိတယ်။ တောင်ကြီးကို တက်တဲ့ လမ်းကြောင်း နောက်ပြီးတော့မှ မိုးဗြဲ၊ ဖယ်ခုံ၊ ရှမ်းပြည်နယ်၊ မန္တလေး၊ နေပြည်တော် အဲ့ဒီလမ်းတွေရှိတော့ သူတို့ အဓိက တခြားပြည်နယ်တွေနဲ့ ဆက်စပ်တဲ့ လမ်းကြောင်းကို အဓိက သူတို့ ထိန်းတာဖြစ်တယ်။ နန်းမယ်ခုံတို့ ကုန်းသာတို့ အဲ့ဒီတစ်ကြော ဒါက သူတို့ရဲ့ မြို့လုံခြုံရေးလည်း ပါတယ်။ လမ်းကြောင်းထိန်းချင်တာလည်း ပါတယ်။ အဲ့ဒါကို သူတို့ စစ်ဆေးရေးတွေလုပ်တယ်။ နောက် တပ်တွေချထားတာလည်း ရှိပါတယ်။ “ လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလအတွင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဘက်က တပ်ဆုတ်ပေးခဲ့ရပါတယ်။ အပြီးအပိုင် တပ်ဆုတ်ပေးတာ မဟုတ်တဲ့အတွက် ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီးမော့ဆို PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ပြန်လည်ရယူနိုင်ဖို့ အားလုံးကြိုးစားနေကြပါတယ်။ ဒီကျနော်တို့ဆီမှာရှိတဲ့ ရဲဘော်တွေ မိဘပြည်သူတွေကောပြီးတော့ ပူးပေါင်းတပ်ဖွဲ့တွေအားလုံး ကြိုးစားနေကြပါတယ်။ အဓိကကတော့ လက်နက်အင်အားမမျှလို့ တပ်ဆုတ်တယ်။ ပြန်ပြီးတော့ ဆုတ်ရင်းနဲ့ ပြင်ဆင်ကြတယ်လို့ ပြောရမယ်ပေါ့။ “ လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အသုံးပြုပြီး တိုက်ခိုက်နေရပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ နေရာတွေ၊တပ်စွဲထားတဲ့နေရာတွေမှာ မိုင်းတွေထောင်ထားတာရှိသလို အဆောက်အအုံတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။
နေရပ်ပြန်ကြည့်တဲ့ ဒေသခံတွေတချို့မှာလည်း စစ်ကောင်စီတွေ ထောင်ထားခဲ့တဲ့ မိုင်းနင်းမိတာတွေကြောင့် ထိခိုက်မှုတွေရှိနေပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၃၁၈ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်သား ၁၂၂၇ဦး သေဆုံးပြီး ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၂၈ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဇွန်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img