spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က စစ်ဘေးရှောင်ကလေးငယ် ၂၀၀ ဝန်းကျင် အာဟာရချို့တဲ့မှုရှိနေ

လဲသျို့ /ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်က စစ်ရှောင်ကလေးငယ် ၂၀၀ ဝန်းကျင်ဟာ လုံလောက်တဲ့ အာဟာရမရရှိပဲ အာဟာရချို့တဲ့နေတယ်လို့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် CHDN ဒါရိုက်တာ ဆရာဖိလစ်က ပြောပါတယ်။

ဒါဟာ CHDN နယ်မြေအတွင်း လက်လှမ်းမီ သလောက် ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ဒီထက်ပိုများနိုင်တယ်လို့ ဆရာဖိလစ်က ဆက်ပြောပါတယ်။

“တစ်ရက်မှာ ထမင်းသုံးကြိမ်မစားရဘူး။ ထမင်းတွေ ပုံမှန်မစားရဘူး။ တစ်ခါတလေ စားရတာကလည်း ဆန်ပြုတ်တို့ အဲ့လိုမျိုးတွေ ဖြစ်တော့ အချိန်ကာလကြာလာတာနဲ့အမျှ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ်မှာ အာဟာရချို့တဲ့တဲ့ ပြဿနာတွေအများကြီး ဖြစ်လာတယ်။” လို့ CHDN ဒါရိုက်တာ ဆရာဖိလစ်က ပြောပါတယ်။

ကရင်နီပြည်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခု

CHDN ကနေ စစ်ရှောင် ကလေးငယ်တွေကို လက်မောင်းအမှတ်တိုင်းတာ တာ၊ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းတိုင်းတာပြီး စစ်ဆေးပေးနေတာတွေရှိတယ်လို့ဆိုပါတယ်။

ကရင်နီပြည်တွင်းက တချို့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းတာအပြင် စစ်ကောင်စီရဲ့ ပိတ်ဆို့ထားမှုတွေကြောင့် ရိက္ခာ အခက်ခဲရှိတဲ့ စစ်ရှောင်စခန်းတွေရှိနေပါတယ်။

ဖရူဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တစ်ဦးကတော့ ကလေးငယ်တွေ ယခင်ကထက် အာဟာရချို့တဲ့သူတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

“ ဒီဖက်စစ်ရှောင်စခန်းက ကလေးတွေက အာဟာရမပြည့်၀တာကြောင့် ပိန်လှီပြီး ပေါင်ချိန်မပြည့်တာတွေ ရှိတယ်။ လှုပ်ရှားမှုနှေးကွေးတာတွေ အမြဲလိုလိုဖျားနာတာတွေ စာသင်ရင် မလိုက်နိုင်တာမျိုးတွေ တချိန်လုံး ထုံထိုင်းတာတွေ ရှိတယ်။” လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေမရရှိကြရသလို လုံလောက်တဲ့ အာဟာရတွေလည်း မစားသုံးရဘူးလို့ ဆိုပါတယ်။

“ အာဟာရဖြစ်မုန့်တွေမစားရဘူး။ အသားတွေ သိပ်မစားရဘူး။ ပြီးတော့ ရက်တိုင်းက ဒေသထွက်ဟင်းတွေပဲ စားရတယ်။ အခုချိန်က ဟင်းသီးဟင်း ရွက်တွေလည်း မပေါ်သေးဘူးလေ။ ပဲဟင်း (ပဲစေ့) ပဲနေ့တိုင်းစားရတယ်။ ဟင်းရည်ချက်လိုက် ထောင်းစားလိုက်။ ဟင်းရည်လဲဒါ၊ အထောင်းလဲဒါပေါ့။ “ လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

တိုက်ပွဲအတွင်းဖြစ်စေ၊ စစ်ကြောင်းထိုးရင်းဖြစ်စေ စစ်ကောင်စီက ဒေသခံနေအိမ်မီးရှို့တာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာ ပြန်ယူစရာ ရိက္ခာတွေလည်းမရှိတော့ပါဘူး။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံ နှစ်သိန်းနီးပါး စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်ဦးရေဟာ ကရင်နီပြည်လူဦးရေရဲ့ ၅၁ရာခိုင်နှုန်းရှိနေပါတယ်။

စစ်ကောင်စီဟာ စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ဖြတ်တောက်တာ၊ ကန့်သတ်တာတွေပြုလုပ်နေသလို ဒေသခံတွေ သိုလောင်ထားတဲ့ ရိက္ခာတွေကိုလည်း မီးရှို့ဖျက်စီးတာ ပြုလုပ်နေပါတယ်။

spot_img
spot_img