ကရင်နီပြည်မှာ ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အုံ ၂၇ ခု ကျော်ရှိနေ

0
5428

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အုံတွေမှာ တပ်စွဲတာတွေ ပြုလုပ်ခဲ့သလို လက်နက်ကြီးထိမှန်တာတွေ၊ မီးရှို့ဖျက်ဆီးခံရတာတွေ ရှိနေပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ ကောက်ယူထားတဲ့ စာရင်းအရ ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံထဲမှာ ကတ်သလစ်ဘာသာရေးအဆောက်အုံ ၁၅ခု၊ နှစ်ခြင်းခရစ်ယာန်ဘာသာရေးအဆောက်အုံ ၈ခုနဲ့ ဗုဒ္ဓဘာသာအဆောက်အအုံ ၄ ခုရှိပါတယ်။

အခုလိုဘာသာရေးအဆောက်အုံတွေကိုပါ  ဖျက်ဆီးခံရတာတွေနဲ့ပတ်သက်ပြီး ကရင်နီပြည်က ဦးဇင်းတစ်ပါးက အခုလို မိန့်ကြားပါတယ်။

“ဘာသာရေးအဆောက်အုံဖျက်ဆီးတယ်ဆိုတာက လုံးဝမကောင်းဘူးပေါ့။ လုံးဝလည်း မကြိုက်ဘူးပေါ့။ မလုပ်ကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးတစ်ခုက လူထုယဉ်ကျေးမှု အဆောက်အအုံလည်းဟုတ်တယ်။ နောက်ပြီးတော့လည်း လူသားတွေအားလုံးကလည်းပဲ လူ့အခွင့်အရေးတွေလည်း ရှိတယ်လေနော။ ဘာသာရေးမှာပဲ သွန်သင်ကြတယ်။ ဆုံးမကြတယ်။ လုပ်တာကိုး ဆိုတော့ ဒီအဆောက်အအုံတွေ လျှောက်လုပ်တဲ့အခါကျတော့ လူ့အခွင့်အရေးက အကုန်လုံး ထိခိုက်သွားရတာပေါ့” လို့ ဦးဇင်းတစ်ပါးက မိန့်ကြားပါတယ်။

ဘာသာရေးအဆောက်အအုံ ပျက်စီးသွားတာဟာ နိုင်ငံတကာမှာ လိုက်နာရမယ့် စစ်ဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့ နှစ်ခြင်းခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ ဒါကတော့ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ပဲ ပြောပြော၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ပဲ ပြောပြောဒါကတော့ မထိခိုက်ရဘူး။ ဥပမာ တိုက်ပွဲတို့ စစ်ပွဲတို့ ဖြစ်တယ်ဆိုရင် ဒါက အများအသုံးပြုတဲ့ ဥပမာ ဆေးရုံတို့၊ ဘာသာရေး အဆောက်အအုံတို့ ၊ စာသင်ကျောင်းတို့ ဆိုတာ ရှောင်ရမယ်လေ။ တပ်မစွဲသင့်ဘူး။ နိုင်ငံတကာတို့ ဂျီနီဗာ စာချုပ်ထဲမှာလည်း ရှိပြီးသားပဲကော။ ဆိုတော့ စစ်လိုက်နာရမယ်ဟာတွေ သူတို့ချိုးဖောက်တယ်လို့တော့ ခံစားရတယ်ပေါ့။ဒါကတော့ မဖြစ်သင့်ဘူး။ နိုင်ငံတကာကလည်း ဒီဘာသာရေးအဆောက်အအုံတွေကို တပ်စွဲခွင့် မရှိရဘူး။ တကယ်လည်း မလုပ်ရဘူး။ မဖြစ်သင့်ဘူး။ ဖျက်ဆီးတဲ့ဟာတွေလည်း ဖြစ်နိုင်ရင်တော့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးပြန်ပြီးတော့ လုပ်ဆောင်သင့်တယ်လို့တော့ အဲ့လိုဖော်ပြချင်တာပေါ့။ ပျက်စီးသွားတဲ့ တန်ဖိုးတွေကို ပြန်လျှော်ပါလို့တော့ အဲ့လိုမျိုး မပြောချင်ဘူး။ နောက်နောင်ဒီလိုမျိုး ကိစ္စရပ်တွေကိုတော့ ရှောင်ပေးဖို့ ကျနော်တို့ ဘာသာရေးအနေနဲ့တော့ အဲ့လို ဖော်ပြချင်ပါတယ်လို့။ “ လို့ ပြောပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်ရှောင်တဲ့နေရာမှာ မိမိကိုးကွယ်တဲ့ဘာသာတွေကို မိုးကာတဲထိုးပြီး ဝတ်ပြုဆုတောင်းတာတွေ ပြုလုပ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

“ရောက်တဲ့နေရာမှာ မိုးကာတဲထိုး ဝတ်ပြုတဲ့နေရာတွေတည်ဆောက် အဲ့လိုမျိုး အခြေအနေတစ်ခုအပေါ်မှာ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေရတယ်။ တောထဲမှာပဲ လူတွေစုပြီးတော့ ဝတ်ပြုခြင်းတွေ သူတို့လုပ်ရတယ်ပေါ့။ ဟိုတစ်လောကတောင်က ထီးပေါ်ဆိုက မိတ်ဆွေတစ်ယောက် သူ video ရိုက်တင်ထားတယ်။ သူတို့ ဘုရားရှိခိုးတဲ့နေရာ မိုးရွာလို့တဲ့ ရေတွေစီးဝင်ပြီးတော့ အရမ်းဒုက္ခရောက်ရတယ်လို့ ကျနော်တို့ video တစ်ခါ တွေ့လိုက်သေးတယ်” လို့ နှစ်ခြင်းခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ဆက်ပြောပါတယ်။

ဘာသာရေးအဆောက်အအုံအများစု ပျက်စီးခံထားရတဲ့ ကတ်သလစ်ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးက ဘာသာရေးအဆောက်အအုံတွေကို အကာအကွယ်ယူတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ဘုရားကျောင်းတွေ ထိတာ အင်မတန်မှ ဆိုးရွားပါတယ်။ အထူးသဖြင့် ဘုရားကျောင်းဆိုတာ သန့်ရှင်း မြင့်မြတ်တဲ့နေရာ လူတွေ ဝတ်ပြုတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် ဒါ အင်မတန်မှ မလုပ်သင့် မလုပ်အပ်တဲ့အရာဖြစ်တယ်ဆိုတာ ကတော့ သေချာတာပေါ့နော။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ ဘုရားကျောင်းတွေ စာသင်ကျောင်းတွေ ဆေးရုံတွေကို ပစ်မှတ်ထား တာမျိုးကတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး။ “ လို့ ကက်သလစ် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ကတ်သလစ်ခရစ်ယာန်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာကို အများစု ကိုးကိုယ်ကြပြီး တခြားဘာသာတွေကို ကိုးကိုယ်သူတွေလည်း ရှိပါတယ်။

ကရင်နီပြည်က ဘာသာရေးအဆောက်အအုံအပြင် ဒေသခံနေအိမ် ၁၀၉၃ လုံးရှိနေပြီး တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်လို့ဖြစ်စေ၊ မီးရှို့ဖျက်ဆီးခံရပါတယ်။