ကရင်နီပြည်ရှိ ဒီးမော့ဆိုက ကျေးရွာ ၂ရွာကို ကယ်ဆယ်ရေးပစ္စည်းတွေ ကိုယ်တိုင်သွားရောက်ထောက်ပံ့ခဲ့တယ်လို့ UNHCR ပြော

0
5482

ကန္တာရဝတီတိုင်း ( မ် )

ဓါတ်ပုံ unhcr

ဒုတိယအကြိမ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဖြန့်ဝေမှုကို လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်က နေရပ်စွန့်ခွာထွက်ပြေးနေရသူ၊ နေရပ်ပြန်လည်နေထိုင်သူနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းက ပြည်သူ ၂သောင်းကျော် (၂၅၆၂၅ဦး) ကို ကယ်ဆယ်ရေးပစ္စည်းတွေ ကိုယ်တိုင်သွားရောက် ထောက်ပံ့ခဲ့တယ်လို့ UNHCR က ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ဒီးမော့ဆိုမြို့နယ် က ကျေးရွာ၂ ရွာကို လည်း သွားရောက်ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ကန္တာရဝတီတိုင်း( မ် ) မှ UNHCR ကို email ကတဆင့် မေးမြန်းရာမှာတော့ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“၂၀၂၂ခုနှစ် ဇွန်လ၂ရက်နေ့တွင် UNHCR သည် နေရပ်စွန့်ခွာပြည်သူများနှင့်နေရပ်ပြန်ပြည်သူများနေထိုင်ရာ ဒီးမော့ဆိုမြို့နယ်ရှိကျေးရွာနှစ်ရွာသို့ရောက်ရှိနိုင်ခဲ့ပါသည်။ လုံခြုံရေးအခြေအနေပြောင်းလဲလာမှုကြောင့် ယခုကဲ့သို့လုပ်ငန်းများသွားရောက်လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။”  လို့ UNHCR က အီးမေးကတဆင့် ဖြေကြားခဲ့ပါတယ်။

ဇွန်လ ၂ရက်နေ့ က ကျေးရွာ နှစ်ရွာကို သွားရောက်ထောက်ပံ့ခဲ့ပြီး ပြည်သူ ၁၅၀၀ ကျော် ကို စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ ဆိုလာမီးအိမ်၊ ခြင်ထောင်၊ ရေပုံးပျော့၊ ရေပုံး၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်း၊ တာပေါ်လင်နဲ့ ဖျာတို့ကို ထောက်ပံ့ခဲ့တယ်လို့  UNHCR က ဆိုပါတယ်။

ဒီးမော့ဆိုမြို့ နယ်ဟာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် လတ်တလောမှာ ခရီးသွားလာမှု တွေမရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက ဘယ်ကျေးရွာတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်ခဲ့သလဲဆိုတာကို တော့ ပြောဆိုထားခြင်းမရှိပါဘူး။

“ UNHCR က ကြားတော့မကြားမိသေးဘူး။ ပေးတာ ရှိမလားတော့ မပြောတတ်ဘူးပေါ့နော။” လို့ ဒီးမော့ဆို့မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လက်ရှိ ကရင်နီပြည်တွင်းက စစ်ရှောင်တွေအများစုဟာ တောတောင်တွေ၊ စစ်ကောင်စီတပ်တွေမလာရောက်နိုင်တဲ့ နေရာတွေမှာ စစ်ရှောင်နေကြရတာကြောင့် လွိုင်ကော်မြို့ ကလွဲရင် တရားဝင်ကူညီထောက်ပံ့တဲ့ အစီအစဉ်နဲ့ လာရောက်ကူညီမှုတွေမရှိသေးဘူးလို့ KSCC ရဲ့ လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ ပြောခွင့်ရ ဦးဗညားကပြောပါတယ်။

“စစ်ကောင်စီ ထိန်းချုပ်တဲ့ လွိုင်ကော်မြို့ပေါ်မှာ လူတွေ ထောင်ကဏာန်းပဲရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သောင်းကဏာန်းတောင် မပြည့်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ လူထုတွေရှိတဲ့ ဧရိယာက သိန်းကဏာန်းအထိရှိတယ်။ အဲ့ဒါက ကျနော်တို့ လူထုတွေက ကိုယ့်ကို စီမံအုပ်ချုပ်နေရတာဖြစ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီမှာရှိနေတဲ့ သက်ဆိုင်ရာ stake holder တွေနဲ့ တိုင်ပင်ပြီးတော့ ဒီ plan တွေကို ရေးဆွဲရတာ ဖြစ်ပါတယ်။ အဲ့ဒါမှ ပိုထိရောက်ပြီးတော့မှ အားလုံး မျှတမှာ ဖြစ်ပါတယ်။” လို့ ဦးဗညားကပြောပါတယ်။

ကရင်နီပြည် က စစ်ရှောင်တွေကို ကူညီဖို့အတွက် လာရောက် တဲ့ ဘယ်အဖွဲ့ အစည်းမဆို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC အပြင် သက်ဆိုင်ရာ အစုအဖွဲ့ တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ပြီး အစီအစဉ်ရေးဆွဲမှာသာ မျှတတဲ့ ကူညီမှု ဖြစ်နိုင်မှာဖြစ်တယ်လိုက ဦးဗညားက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံ နှစ်သိန်းဝန်းကျင်ဟာလည်း စစ်ဘေးရှောင်နေရပါတယ်။