ကျန်းမာရေး CDM ဝန်ထမ်း ၆၅၀ ဦးကို ၅သောင်းစီ ထောက်ပံ့မှုပေး

0
5473

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်က CDM ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၆၅၀ ဦးကို ၅သောင်းစီ ထောက်ပံ့မှု ပေးခဲ့တယ်လို့ JFK (Job For Kayah) admin ခွားလေးက ဒီကနေ့ ဇွန်လ ၂၀ရက်နေ့မှာ ပြောပါတယ်။

ကျန်းမာရေး CDM ဝန်ထမ်းစာရင်း ကောက်ယူတဲ့အထဲက ၆၅၀ ဦးကို အရင်ထောက်ပံ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ကျန်းမာရေး CDM ဝန်ထမ်းတွေကိုလည်း နောက်ထပ်ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ ကျန်းမာရေး ဌာနအရင်လုပ်မယ်။ ကျန်းမာရေးဌာနကုန်သွားပြီဆိုရင် ဌာနအစုံပေါ့။ ဌာနအစုံဆိုတဲ့နေရာမှာ ပညာရေးဌာန မပါဘူးပေါ့နော။ တခြားသောဌာန CDMတွေကို ထောက်ပံ့နိုင်ဖို့ ရန်ပုံငွေတွေရှာမယ်။ ထောက်ပံ့ပေးနိုင်အောင် ကြိုးစားမယ်ပေါ့နော။ ဌာနတွေ အကုန်လုံးကို ထောက်ပံ့ပြီးပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ ကယားပြည်နယ်မှာရှိနေတဲ့ ပညာရေးဌာနကို ထောက်ပံ့နိုင်ဖို့ အတွက် ပြန်ပြီးတော့ ကြိုးစားမယ်ပေါ့နော။“ လို့ ခွားလေးက ဆက်ပြောပါတယ်။
CDM ကျန်းမာရေး ဝန်ထမ်းတွေဟာ စစ်ရှောင် စခန်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု တွေကို လုပ်ဆောင်ပေးနေပြီး
စစ်ရှောင်လူထုတွေအတွက် ဆေးဝါးလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းနေကြတယ်လို့ ဆေးဆရာမတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ ကျောင်းမပြီးသေးပဲ CDM ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကူအညီလိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“ အခက်အခဲကတော့ ကိုယ်စီရှိတယ်ပေါ့နော။ ခဏကပြောသလို ပညာရေးလမ်းကြောင်းကို ရောက်နေတဲ့ သူနာပြုတွေ ရှိတယ်။ သူတို့ ပညာရေးတွေ ဆက်တက်ဖို့ လိုတယ်။ ကျောင်းမပြီးသေးတဲ့ သူနာပြုတွေ ဘယ်လိုမျိုး ကျောင်းဆက်ပြီးဖို့ လိုမလဲပေါ့။ ဒါတွေပဲ သူတို့ တောင်းဆိုကြပါတယ်။ “ လို့ ကျန်းမာရေး CDM ဆရာမ ပြောပါတယ်။

ဒီလို CDM ဝန်ထမ်းတွေကို ထောက်ပံ့မှုပေးတာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ သပိတ်ကာလမှာလည်း ငွေကြေးဖြစ်စေ၊ စားနပ်ရိက္ခာဖြစ်စေ ထောက်ပံ့မှုတချို့ပေးတာတွေရှိပါတယ်။

စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ CDM အခန်းကဏ္ဍဟာ အရေးပါတဲ့အတွက် ဝန်ထမ်းတွေ ဆက်လက်တောင့်ခံနိုင်ဖို့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ JFK admin ခွားလေးက ဆက်ပြောပါတယ်။

“ ကျနော်တို့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေအားလုံးက တော်တော်များများ Non- CDM ပြန်ဖြစ်သွားခဲ့လို့ရှိရင် တော်လှန်ရေးမှာ ထိခိုက်မှု ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်ကနေပြီးတော့ ပြန်ပြီးတော့ မြင့်တင်သွားနိုင်တယ်။ ဒီချက်အလက် ဒီ Non- CDM တွေရဲ့ ပါဝင် တက်ကြွလာမှုကို ဒီရာခိုင်နှုန်းတွေ ယူပြီးတော့ စစ်ကောင်စီက ဒီနိုင်ငံတကာမှာရော ဒီလူထုမှာရော ဒီလို သွေးထိုးလှုံ့ဆော်မှုတွေ သူတို့ ပြုလုပ်လာနိုင်တယ်။ အဲ့ဒီရဲ့ Non- CDM တွေ များပြားလာခဲ့တယ်ဆိုရင် ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် စိတ်အားလျော့နည်းလာမှုတွေ ဖြစ်လာနိုင်တယ်ပေါ့နော။ ကျနော်ကတော့ အဲ့လိုမျိုး ယူဆထားပါတယ်ခင်ဗျ။ “ လို့ ခွားလေးက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက် အစိုးရ ဝန်ထမ်းအများစုဟာ CDM ပြုလုပ်ခဲ့ကြပြီး လက်ရှိမှာတော့ တောထဲ စစ်ရှောင်နေရသူတွေ၊ စစ်ရှောင်စခန်းမှာ တတ်နိုင်တဲ့ဘက်က ကူညီသူတွေ၊ လက်နက်ကိုင်တော်လှန်နေသူတွေ ဖြစ်နေကြပါတယ်။

ကရင်နီပြည်မှာ ဌာနဆိုင်ရာ ပေါင်းစုံက CDM ဝန်ထမ်း ပေါင်း ၇၀၀၀ ကျော်ရှိတယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ KSCC ရဲ့ CDM ကော်မတီ ကပြောဆိုထားတာရှိပါတယ်။