ဖိလစ်စတာ (ကန္တာရဝတီတိုင်း(မ်))
” ဒုန်း ” အသံကြားတာနဲ့ ကမန်းကတန်း ထပြေးကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ သူတို့ရဲ့ စိတ်ကူးယဥ်မှုကြီးထဲမှာတော့ ပြင်းထန်လွန်းလှတဲ့ လက်နက်တွေ ကြားပုန်းရှောင်ဖို့၊ လက်နက်တွေ ထိပြီးသေဖို့ဆို မရှိခဲ့ဖူးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒါတွေက သူတို့အဖို့ အစိုးရိမ်ရဆုံး အရာတစ်ခုလိုဖြစ်သွားပါတယ်။ တိုက်လေယဥ်နဲ့ ဗုံးလာကျဲတာဟာ ခံရအခက်ဆုံးပါပဲ။
အရမ်းကျယ်လောင်တဲ့ လေယာဥ် ပျံ သံ၊ အရမ်းမြန်တဲ့ လေယာဥ် ပျံသံ၊ နီးလေ ကျယ်(အသံ)လေ ဖြစ်လာတဲ့ခါ အောက်က လှုပ်ရှားသွားလာနေတဲ့ လူထုတွေမှာ ပျာယာတွေခတ်ပြီး ကမန်းကတန်း ပြေးပုန်းကြရပါတယ်။ ကလေးပဲခေါ်ပြေးရမလား၊ ကိုယ်လွှတ်ရုန်းပဲပြေးရမလား၊ သက်ကြီးရွယ်အိုတွေပဲချီပြေးရမလား၊ ဘယ်နားပုန်းရမလဲ၊ ငါ့ကိုထိတော့မလား စသဖြင့်စသဖြင့် အတွေးပေါင်းခြောက်ထောင်နဲ့ စိတ်ကကျီးကန်းတောင်းမောက် တလွှဲတချော် ဖြစ်ကုန်ကြပါတယ်။
စစ်တပ်ဟာ တိုက်ပွဲကြောင့် ဗုံးကျဲမယ်။ ပြည်သူတွေကို ခြောက်ချင်လို့ ကျဲမယ်ချည်းပါပဲ။
” ကိုယ့်သားသမီးတွေ ကိုယ့်မိသားစုကိုထိမှစိုးရိမ်တယ်။ပြီးတော့ ကိုယ့်သမီးလည်းတော်တော်ကိုကြောက်ခဲ့တယ်ပေါ့ သမီးကြီးတစ်ယောက် ၅နှစ် အရွယ်သမီးတစ်ယောက်ပေါ့။ သူတော်တော်လေးကြောက်ပြီးသူငိုတယ်။ ပြီးတော့ညနေအထိပဲ နှလုံးတော်တော်တုန်သွားတယ်ပေါ့နော။ အိပ်မက်ထိအိပ်မက်ယောင်ပြီးတော့သူထငိုတယ်ပေါ့နော။ အခုထိလည်းစိတ်ထဲမကောင်းဘူးအဲ့လိုပေါ့နော။ ထပ်ဖြစ်လာမှာကြောက်တယ်ပေါ့ စိုးရိမ်တယ် အ့လိုပဲ ” လို့စစ်ဘေးရှောင်အမျိုးအမီးတစ်ဦးက စစ်ရှောင်စခန်း အနီး လေယဥ်ဗုံးကြဲချခဲ့တဲ့အပေါ်ကို ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ စတဲ့မြို့နယ်တွေကို ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေငြာထားပါတယ်။
ထိုနေ့ကစပြီး ဒီးမော့ဆို မြို့နယ်တစ်ခုထဲမှာတောင် စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုဖြစ်လာခဲ့ပါတယ်။ စစ်ဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုမြို့နယ်တွင်းရှိဒေသ တစ်ချို့ကိုလည်း လေယဥ်နဲ့ဗုံးကြဲခြင်း ၊လက်နက်ကြီးပစ်ခတ်ခြင်း ပိုလုပ်ဆောင်လာတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတောင် စစ်ရှောင်တွေရှိရာကိုဦးတည်ပြီး အလုံးကြီးတွေပစ်ခတ်နေကြတယ်။ ထိုကဲ့သို့ပစ်ခတ်မှုတွေကြောင့်ပဲ လူထုတွေက သေခြင်းမလှသေကြရ၊ ပျောက်ခြင်းမလှပျောက်ကြရပါတယ်။
၎င်းလုပ်ရပ်ကြောင့် စစ်ရှောင် အမျိုးသမီးတစ်ဦးက အန္တရာယ်နဲ့နေရတော့မယ် လို့ပြောပါတယ်။
“ဆိုးတယ်ပဲမြင်တယ်လေး။ သူတို့ဒီမှာပဲကြည့် မဲလာမှ တစ်ချိန်လုံး ဒီမှာပဲပစ်လာ လှည့်လာတယ်ရော။ စိတ်မပျော်တော့ဘူး။ အန္တာရာယ်နဲ့နေရတော့မယ်လေးနော အဲလိုပေါ့ ”
လက်နက်ကြီးတစ်လုံးက ကျောက်ထိကျောက်ကွဲ၊ အုတ်ထိအုတ်ကွဲ တဲ့အထိပြင်းအားရှိပါတယ်။ တိုက်အိမ်ပေါ်ကျရင် အိမ်ပြိုကျပျက်စီးတဲ့ထိ ပြင်းအားရှိတဲ့ အလုံးကြီး။ အရမ်းကြောက်ဖို့ကောင်းပါတယ်။
စစ်ဘေးရှောင်တွေရဲ့ အိမ် ၁၀ပုံမှာ ၉ပုံဟာ မိုးကာပါးပါးလေးနဲ့ပဲ မိုးထား ၊ကာထားကြပါတယ်။ ၃လက်မထူတဲ့အုတ်လုံးကို လက်နက် အစတစ်ခုက ပေါက်ထွင်းနိုင်တဲ့အနေထားမှာ လက်မစိတ်တောင်မရှိတဲ့ မိုးကာကိုဖောက်ထွင်းဖို့က လက်ခုတ်တီးရသလိုပဲ အရမ်းလွယ်ကူမြန်ဆန်ပါတယ်။
ဒါဟာ စစ်ရှောင်တွေကို စိုးရိမ်မှု အများကြီးပေးနေတဲ့အချက်တစ်ခုပါ။ နေ့တစ်နေ့ကို လွတ်လွတ်လပ်လပ်ဖြတ်သန်းရတာ မရှိတော့သလောက်ဖြစ်လာပါပြီ။
အဝေးကလာတဲ့ ကားသံကို လေယဥ်လာတယ်ထင်ပြီး နားစွင့်ခဲ့ရတဲ့နေ့စွဲတွေလဲ မရေတွက်နိုင်တော့ပါဘူး။ အထူးသဖြင့် တောထဲစစ်ရှောင်နေရတဲ့ပြည်သူတွေက ထူးကဲလန့်နေကြရတာပါ။ အ၀တ်လေးလျှော်နေရင်း ဖြတ်လာတဲ့ကားသံကိုတောင် လေယာဥ်သံ မှတ်ပြီးမတ်တပ်ရပ် နားစွင့်နေရပြန်ပါတယ်။
“ဒုတ်” ကားတံခါးပိတ်သံကို လက်နက်ကြီးသံလို့ ထင်မှားပြီး နားစွင့်လန့်ဖြတ်နေရပြန်ပါတယ်။ ဘေးနားက ကျောက်ခွဲသံကိုလည်း ဗုံးသံလို့ ထင်ယောင်ထင်မှားဖြစ်ပြီးလန့်လို့ဖြတ်လို့ ငြိမ်၀ပ်နေရပြန်ပါတယ်။
အေးဆေးမအိပ်ရ။ အေးဆေးသွားလာလို့လည်းအဆင်မပြေတော့။ နေ၀င်ပြီးမှောင်စပြုလာတာနဲ့ တဲလေးထဲမှာပဲကုတ်ပြီး လာသမျှအသံကိုနားစွင့်ထားရပါတယ်။
အသက်မသေပေမဲ့ ကျီးလန့်စာစား ဘ၀နဲ့ရှင်သန်နေရတဲ့ စစ်ရှောင်ပြည်သူတွေ။ တမှေးတမော အိပ်နေပြန်တော့လည်း ဝေဟင်ထက်က လာတဲ့လေယဥ်သံကြောင့် မျက်စိအော်တို ပွင့်သွားရပြန်ပါတယ်။
နားစွင့် ပြီးပုန်းခိုကျင်းဆီသို့တည့်တည့်မတ်မတ်ပြေးသွားရပါတယ်။ ကလေးငယ်လေးရှိသူကလည်း ကလေးတစ်ဖက်တစ်ချက်စီ ချီပြီးပြေး။ ဘုရားတပြီး ရှိခိုးသူကရှိခိုး။ ငိုတဲ့ကလေးကငို။ အသိစိတ်လွတ်ပြီး ကြောင်လည်လည်ဖြစ်တဲ့သူကဖြစ် နဲ့ ရှုတ်ယှက်တွေခတ်ကုန်တတ်ပါတယ်။
ပုန်းခိုကျင်းက မှောင်။ ကျင်းထဲမှာအသက်ရှုရလည်းမ၀ပါဘူး။ ခြင်တွေကလည်းကိုက်။ မြေရနံ့ဟာကနှစ်သက်ဖွယ်မရှိပြန်။
နံနက်ခင်းမှာ ကလေးမွေး ပြီး ညနေခင်းမှာ လေယဥ်ဗုံးကြဲ မှုကြောင့် နာရီပိုင်း သား ကလေးနဲ့ ပုန်းခိုကျင်းထဲ တန်းတန်းမတ်မတ် ပြေးဆင်းခဲ့ရတဲ့ ဒေါ်ရိုစီဒေးဒေး။ ကလေးမွေးထားပေမဲ့လည်း နာလို့နာမှန်းမသိ ကြောက်စိတ်ကသာလွှမ်းမိုးနေခဲ့တဲ့ အခိုက်အတန့် တစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
” အရမ်းလန့်တာပေါ့ ကြားတဲ့ချိန်။ နောက်ဘယ်မှာပြေးရမလဲဆိုပြီးမှကိုယ်လည်း ကလေးငယ်နဲ့ဆို မပြေးတတ်ဘူးဆိုပေမဲ့ ဟိုးသူများဗုံးခိုကျင်းမှာပဲ လျှောက်လိုက်ပြေးခိုတယ်။ ပြေးပြီးတော့မှ ဒီမှာနေချင်စိတ်တောင်မရှိတော့ဘူး။ ဘယ်မှာနေရမလဲမသိဘူး။ လာကျဲတဲ့အချိန်မှာကလေးကလည်းလန့်တယ်လေး။ နောက်အမေကလည်းလန့်။ နောက်ဘယ်လိုမှမနေချင်တော့ဘူးလို့ အ့လိုပဲပြောတယ်။ အခုမှပဲကြုံဖူးတယ်ရော အ့လိုမျိုး။ တစ်ခါမှမကြုံဖူးတော့တအားကြောက်တယ်”
ညနေဘက်ဆို နေ၀င်စပြုလို့ ပတ်၀န်းကျင်ကို အမှောင်တွေတဖြေးဖြေးနဲ့ဖုံးလွှမ်းလာတာနဲ့အမျှ ပတ်၀န်းကျင်ကလှုပ်ရှားသွားလာသံတွေလည်း တဖြေးတဖြေးနဲ့မှိန်ပြီး ပျောက်ကွယ်စပြုလာပါတယ်။
ထိုအခါမှာ တိတ်ဆိတ်ငြမ်သက်တဲ့ ပတ်၀န်းကျင်တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလိုကဲ့သို့သောအချိန်က ရင်တမမ နဲ့”ဒုန်းခနဲ ” “ဒိုင်းခနဲ” လက်နက်သံကို နားစွင့်နေရမယ့်အချိန်တစ်ခုလိုတောင်ဖြစ်နေပါပြီ။
လမ်းမလျှောက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကလည်း ကြောက်လန့်မှုကြားက ကျန်းမာရေးအခြေနေကြောင့် မတတ်သာပဲ တဲထဲကုတ်အောင်းနေကြရပါတယ်။ သူတို့မှာလည်း အလုံးကြီးတွေရဲ့ တဖြေးဖြေးနီးလာတဲ့တယ်ရီယံ သံကိုမကြောက်ပဲနေမှာမဟုတ်ပါဘူး။အသံလာတုန်း ၅စက္ကန့်အတွင်း ၀ပ်ချိန်ရတယ်ဆိုပေမဲ့ လက်တွေ့မှာ အချိန်ကအရမ်းမြန်လွန်းနေပါတယ်။ အချိန်မှီတိမ်းရှောင်ဖို့လည်း တော်တော့်ကို မဖြစ်နိုင်တဲ့ကိစ္စ။ ကံကိုပုံပြီးဆူးပုံပေါ်နင်းချ သလိုဖြစ်နေပါပြီ။ အလုံးကြီး အန္တာရာယ်က ကြောက်စရာကောင်းမှန်းသိသိရက်နဲ့ ထွက်ပြေးတိမ်းရှောင်တာမျိုး ထပ်မလုပ်တော့ပါဘူး။ ပြေးစရာမြေလည်းမရှိတော့ပါဘူး။ ဘယ်ပဲရောက်ရောက် သေချိန်တန်တော့ သေရတော့မည်ကလား။ ဒါဟာ ကျီးလန့်စာစားဘ၀နဲ့ ရှင်သန်နေကြတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ကံကြမ္မာဖြစ်နေပါပြီကလား။